

လီဗာပူးပရိသတ်တွေ အတော်များများမှာ အတွေးတစ်ခုရှိပါတယ်။ အသင်းမှာ ကွင်းလယ်ခံစစ်ကောင်းကောင်းရှိနေရင် ဆိုတဲ့အတွေးပါ။ ဒီအတွေး စိုးမိုးခဲ့တာဟာ ဘောလုံးရာသီ ၂ ခုနီးပါးလောက်ရှိနေပါပြီ။
ဒီရာသီ ဂရာဗင်ဘက်ချ်က ကွင်းလယ်အတွင်းလူ နေရာကနေ တောက်ပနေပေမယ့် အခုချိန်ထိလည်း အသင်းပရိသတ်တွေက ဒီနေရာအတွက် လိုချင်နေဆဲပါ။ ဒါဆိုရင် မေးခွန်းတစ်ခုရှိတာက အာနယ် ဆလော့ လိုချင်တာက ဘယ်လိုမျိုးလဲ? သူက သူ့ရဲ့ ကွင်းလယ်ကို ဘယ်လို ပုံဖော်ချင်တာလဲ?
LFCThaDin ဖတ်ရှုသူတွေမှာလည်း အဆိုပါ မေးခွန်းရှိနေသေးရင် စိတ်ဝင်စားစရာလေးတစ်ခုကို မျှဝေလိုပါတယ်။ ဒါလေးကို လေ့လာကြည့်ရအောင်ပါ။
အာနယ် ဆလော့က အသင်း ပိုင်ဆိုင်မှုပိုင်းအသာနဲ့ ဘောလုံးကိုင်ပြီး ခံစစ်ကနေ ကစားကွက်တည်ဆောက်ရင်း တိုက်စစ်ထံ ဘောလုံးထုတ်ရတာကို နှစ်သက်ပါတယ်။ ခံစစ်ကနေ ဘောလုံးထုတ်နိုင်တဲ့ ဗဟိုခံစစ်မှူးနဲ့ တိုက်စစ်ကို ဘောလုံးသယ်နိုင်တဲ့ ကွင်းလယ်လူတို့ရဲ့ ပူးပေါင်းမှုကနေ ဆာလာ၊ ဒီယက်ဇ်တို့ထံ ဘောလုံး ခပ်မြန်မြန် ရောက်သွားတာမျိုးကို လိုချင်ပါတယ်။
“ ဖြစ်နိုင်ရင်တော့ ကွင်းလယ်လူတွေကို လိုင်းတွေကြားမှာပဲ ဘောလုံးလက်ခံယူစေချင်ပါတယ် ” လို့ အာနယ် ဆလော့က ပြောပါတယ်။
နည်းပြကတော့ သူ့ရဲ့ ကွင်းလယ်အတွင်းလူ ၂ ဦးကို အသင်းဖော် ခံစစ်သမားတွေနဲ့ သူတို့ကို ဖိအားပေးမယ့် ပြိုင်ဘက် pressing line ရဲ့ နောက်ကနေ ဘောလုံးလက်ခံယူစေလိုပါတယ်။ ခံစစ်မှူးက press ကို ဖောက်ထွက် ဘောလုံးပေးချိန်မှာ ကွင်းလယ်လူက တိုက်စစ်ကို ဘောလုံးသယ်သွားပေးရပါမယ်။
“ ကွင်းလယ်လူတွေက လိုင်းရဲ့ အနောက်မှာ ရှိနေချိန် ခံစစ်မှူး နှစ်ဦးဟာ အတော်လေး အရေးကြီးပါတယ်။ ဖိအားပေးခံရချိန်မှာ လိုင်းရဲ့နောက်ကျောမှာ ရှိနေတဲ့ သူတို့ ဘောလုံးပေးရမယ့် အသင်းဖော်တွေကို ရှာနိုင်ရမှာပါ။
ဘောလုံးကို ကွင်းလယ်အသင်းဖော်ထံ မပေးဘဲ အစွန်သမားတွေထံလည်း ဖြန့်နိုင်ပေမယ့် ကျနော်တို့ကတော့ ဘောလုံးကို အလယ်ကြောကနေ ကစားရတာကို ပိုနှစ်သက်ပါတယ်။
ကျနော်တို့ ခေါ်ယူလိုတဲ့ ကစားသမားမျိုးဟာ ကွင်းလယ်ကနေ ကစားကွက်ကို ဖွင့်နိုင်ရပါမယ်။ ဘောလုံးနဲ့အတူ သက်သောင့်သက်သာ ကစားနိုင်ရမယ်။ နောက်ဆုံးလိုင်းကနေ တိုက်စစ်ထံ ဘောလုံးသယ်သွားနိုင်ရပါမယ် ” လို့ အာနယ် ဆလော့က ဆက်ပြောပါတယ်။
ဒါဟာ ဆလော့ လုပ်ဆောင်လိုတဲ့ စနစ်မျိုးဖြစ်ပါတယ်။ သူဟာ ကွင်းလယ်လူက ကစားကွက် တည်ဆောက်ရာမှာ ပါဝင်ပေးပြီး အနာဂတ်မှာ လီဗာပူး ကွင်းလယ်လူ ခေါ်ယူတဲ့အခါ ဘောလုံးကိုင်ကစားနိုင်သူမျိုးကိုပဲ ရွေးချယ်သွားဖွယ် ရှိပါတယ်။