အကောင်းမြင်သူတွေကော ဝေဖန်သူတွေပါ ပြည့်သွားတဲ့ ကာတစ်ဂျုံးရဲ့ အင်တာဗျူး

TNT Sports ရဲ့ အင်တာဗျူးမှာ ကစားသမား တစ်ယောက်အဖြစ် စောင့်ကြည့်ဖို့ နှစ်သက်သူ တစ်ဦးက ဘယ်သူဖြစ်မလဲလို့ မေးခွန်းထုတ်ခံရချိန်မှာ ကာတစ်ဂျုံးကတော့ ပရိသတ်ကြိုက် စကားမျိုးဖြစ်တဲ့ ဂျရတ်၊ အလွန်ဆို ဆိုပြီး အဖြေမပေးခဲ့ပါဘူး။

ကာတစ်ဂျုံးကတော့ “ ဒီစကားပြောရင် လီဗာပူးပရိသတ်တွေ စိတ်ဆိုးကြနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်ကလည်း အမြဲတမ်း နှိုင်းယှဉ်ခံရမှု ရှိခဲ့တာလေ။ ဒါပေမယ့် ကျနော် စောင့်ကြည့်ချင်ခဲ့တဲ့ ကစားသမားက ဟာဇက်ပါ ” လို့ ပြောခဲ့ပါတယ်။

ဒီနောက်ပိုင်း သွင်းဂိုးဆိုင်ရာ ကိန်းဂဏန်းတွေမှာ ဆာလာက သာလွန်သွားခဲ့ပေမယ့် ဘောလုံးစွမ်းရည်ပိုင်းမှာတော့ ဆာလာထက် ဟာဇက်ကို သဘောကျသူတွေလည်း အများကြီး ရှိနေဆဲပါ။ ဟာဇက်ကို အထင်ကြီးသူတွေထဲ လီဗာပူးကစားသမား ကာတစ်ဂျုံးလည်း ပါဝင်နေတာဖြစ်ပါတယ်။

ကွင်းလယ်လူကတော့ “ ဟာဇက်က ကျနော် သိပ်သဘောကျရတဲ့ ကစားသမားပါ။ ဟုတ်ပါတယ် မိုနဲ့ ဟာဇက်ကြားမှာ ဘယ်သူ ပိုကောင်းလဲဆိုတာ တစ်ချိန်လုံး နှိုင်းယှဉ်ခံနေရပါတယ်။ ကျနော်က မိုနဲ့အတူ ရှိနေပေမယ့် ဟာဇက်က ကျနော် စောင့်ကြည့်ချင်ခဲ့တဲ့ ကစားသမားပါ။

ကလေးဘဝတုန်းက ဟာဇက်ကို ကျနော် သဘောကျစွာ ကြည့်ခဲ့ရသလို ပွဲတွေမှာ သူ့ရဲ့ ကစားပုံက တစ်ဆင့် သင်ယူခဲ့ပါတယ်။ သူကစားတာ ကြည့်လိုက်တိုင်းမှာ ဝိုး ဘောလုံးဆိုတာ ဒီလိုပါလား လို့ အမြဲတမ်း ခံစားခဲ့ရပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။

ကာတစ်ဂျုံးရဲ့ ပြောစကားဟာ ဘောလုံးပရိသတ်တွေကြားမှာကော လီဗာပူးပရိသတ်တွေကြားမှာပါ ထောက်ခံသူတွေနဲ့ ဝေဖန်သူတွေ များသွားခဲ့ပါတယ်။ တချို့ကလည်း ကစားသမားတစ်ယောက်ဟာ လူငယ်ဘဝမှာ ဟာဇက်လို စကေးကြွယ်သူ တစ်ဦးကို အားကျစွာ ကြည့်ခဲ့တယ်ဆိုတာ မှားယွင်းနေတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အချို့ကလည်း လီဗာပူးကစားသမား တစ်ဦးဟာ ပရီးမီးယားလိဂ် ဂန္တဝင်ကြီးတွေထဲထောင် ပါဝင်နေတဲ့ ကိုယ့်အသင်းရဲ့ ကစားသမားကို ကျော်ပြီး ပြိုင်ဘက်အသင်းက ကစားသမားတစ်ဦးကို အားကျကြောင်း ပြောတာဟာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

ကာတစ်ဂျုံးကတော့ ဆာလာနဲ့အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံနဲ့အတူ “ ငါ့အသင်းအတွက် ရွေးရမယ်ဆိုရင် ရွေးချယ်မယ့်သူ ” ဆိုပြီး ဟာဇက်၊ ဆာလာတို့ နှစ်ဦးထဲက တစ်ဦးကို သူ့အသင်းအတွက် ရွေးရရင်တော့ ဆာလာကို ရွေးချယ်မယ်လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။