

လီဗာပူးအသင်းက ချန်ပီယံလိဂ်မှာ လိုင်လီကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း မိုဆာလာဟာ ဂိုးပေါက် ပြန်တွေ့ခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့ သွင်းဂိုး ၅၀ မြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ထူးထူးခြားခြားအဖြစ် ဘရန့်ဖိုဒ့်ပွဲမှာ အနိုင်ဂိုး ၂ ဂိုး သွင်းခဲ့ပြီး လိုင်လီပွဲမှာ ဂိုးမရခဲ့တဲ့ ဒါဝင်အပေါ် လီဗာပူးပရိသတ်တွေရဲ့ အထင်ကြီးမှုက ဆက်ရှိနေခဲ့ပါတယ်။ ဒါဝင်ဟာ ကိုယ်တိုင် ဂိုးမရခဲ့ပေမယ့် စွမ်းဆောင်ရည် ကောင်းခဲ့သလို သူ့ရဲ့ လှုပ်အားနှုန်းက လက်ဖျားခါလောက်စရာ ဖြစ်ခဲ့တာပါ။
လိုင်လီကို ရင်ဆိုင်ရာမှာ ဒါဝင်ဟာ သူတစ်ဦးတည်းကို 10.57 KM ထိ ပြေးခဲ့ပြီး တိုက်စစ်သမား ၃ ယောက်ထဲမှာ လှုပ်အားနှုန်း အမြင့်ဆုံးဖြစ်သလို လီဗာပူးအသင်းရဲ့ ဒုတိယမြောက် လှုပ်အား အထုတ်သုံးဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေကတော့ “ သွင်းဂိုးကိုပဲ သွားကြည့်နေမယ်ဆိုရင် ဒါဝင်က လိုချင်တဲ့ ဂိုးကို သွင်းပေးနိုင်တာမျိုး မရှိဘူး။ ဒါမှမဟုတ် နံပါတ် ၉ တိုက်စစ်သမား သွင်းပေးရမယ့် သွင်းဂိုးလောက်ကို သူမရထားဘူး။
ဒါပေမယ့် ကစားကွင်းထဲမှာ သူ့ရဲ့ လှုပ်အားနှုန်းကတော့ ရှယ်ကို ထိရောက်တာနော်။ သူပါတဲ့ လီဗာပူးအသင်းက ဂိုးတွေ အတော်ရသလို နိုင်ပွဲရနှုန်းလည်း တကယ်ကို များတာ ” လို့ ထောက်ပြလာနေကြတယ်။
လီဗာပူးပရိသတ် အများအပြားကတော့ ဆာလာဟာ သူ့အစား ပြေးပေမယ့် ဒါဝင် ရှိနေမှန်း နားလည်တာကြောင့် တိုက်စစ်ကို စိတ်ကြိုက် ဆော့ကစားတယ်လို့ မှတ်ချက်ပေးလာကြတယ်။
” ဒါဝင် ပါလာရင် ဆာလာက ဧရိယာထဲကို ပိုမို ဝင်ကစားလေ့ရှိတယ်။ ပိုပြီးလည်း တိုက်စစ်ကနေ ခြိမ်းခြောက်နိုင်တယ်။ ဒီယက်ဇ်ကို နံပါတ် ၉ နေရာ သုံးရင် ဆာလာက ဧရိယာထဲကို ဝင်နိုင်ဖို့ ရုန်းကန်ရလေ့ရှိတယ်။ နောက်ပြီး ဒီယက်ဇ်ကလည်း ဘယ်တောင်ပံမှာ ကြည့်ရ ပိုအဆင်ပြေတယ် ” လို့ အချို့ကလည်း ဆိုပါတယ်။
ဒါဝင်ရဲ့ လှုပ်အားနှုန်းနဲ့ သူကြောင့် ဆာလာ ရလာတဲ့ နေရာလွတ်တွေဟာ လီဗာပူးတိုက်စစ် ခြိမ်းခြောက်မှုကို ပိုမို အန္တရာယ်ကြီးစေတယ်လို့ ယုံကြည်သူတွေ များပြားလာတယ်။ ဆက်တိုက်သော ဖိအားပေးနှုန်း၊ မှန်ကန်တဲ့ ပြေးနှုန်းနဲ့ နေရာယူနိုင်စွမ်းတွေအတွက် ဒါဝင်ကို ချီးကျူးကြပါတယ်။
ဒါဝင်ရဲ့ ပြိုင်ဘက် ခံစစ်သမားတွေကြား ပြေးဝင် လှုပ်ရှားမှုတွေ၊ ဆာလာနဲ့ ချိတ်ဆက်မှုတွေအရ သူပါလာရင် အီဂျစ်သားဟာ ကျားကို အတောင်ပံတပ်ထားသလိုပဲဆိုတဲ့ အသံတွေကတော့ လိုင်လီပွဲအပြီး ဆူညံနေခဲ့တာဖြစ်ပါတယ်။