လီဗာပူးပွဲကြောင့် ပရီးမီးယားလိဂ် ချန်ပီယံနေရာနဲ့ လမ်းလွဲခဲ့ရတာလို့ ဖွင့်ပြောလာတဲ့ အာတီတာ

မနေ့ညကပွဲမှာ အာဆင်နယ်ဟာ လီဗာပူးတိုက်စစ်မှူးဟောင်း အဝန်နီယီရဲ့ သွင်းဂိုးနဲ့ ဖောရက်စ်ကို အရေးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ခွင့်ပြုခဲ့ရပြီ ဖြစ်ပါတယ်။

တန်းဆင်းဇုန် တိုက်ပွဲအတွက် ရုန်းကန်နေရတဲ့ ဖောရက်စ်ဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ယူသွားခဲ့တယ်။ ဒီရလဒ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ပေါ်ထွက်သွားခဲ့သလို ဒီည ချယ်ဆီးနဲ့ပွဲမှာ မန်စီးတီးက ဖလား ကိုင်မြှောက်မှာ ဖြစ်ပါတယ်။

ဒုတိယနေရာကပဲ ရာသီသိမ်းခဲ့တဲ့နောက် အာတီတာက ” ဒါတွေအားလုံးရဲ့ အစက အန်ဖီးကွင်းမှာ ဖြစ်ခဲ့တာပါ။ မိနစ် ၉၀ အတွင်း ရလဒ်ကို ဆုံးရှုံးခဲ့ရတယ်။ အဲ့နောက် ဝက်စ်ဟမ်ပွဲပေါ့။ ၃-၁ ရလဒ် ရခဲ့ပြီးမှ ကိစ္စတွေက ပြောင်းလဲသွားတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်ကို ၂-၀ အရေးနိမ့်နေရာကနေ ၂-၂ ရလဒ်ထိ ပြန်လာနိုင်ခဲ့တဲ့ ပွဲဟာ လီဗာပူးအတွက်လည်း စွမ်းဆောင်ရည်တွေ ပြောင်းပြန် လှန်နိုင်ခဲ့ခြင်းရဲ့ အစ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ ဒီရာသီမှာ Top 4 ဝင်ဖို့တော့ လုံလောက်တဲ့ အသင်း မဟုတ်ခဲ့ပါဘူး။

မနေ့ကပဲ လီဗာပူးကလည်း ဥရောပဝင်ခွင့်အတွက် ပြိုင်ဆိုင်နေတဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ သရေကျခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်မှာပဲ ပါဝင်ယှဉ်ပြိုင်ရဖို့ သေချာသလောက် ရှိနေခဲ့ပြီဖြစ်ပါတယ်။