

လိုင်လီကို အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်လူ ကာတစ်ဂျုံးဟာ လီဗာပူးပရိသတ်တွေကို တောင်ပန်းမှု ပြုလုပ်ခဲ့ရပါတယ်။
မကြာသေးခင်က TNT Sports နဲ့ လုပ်တဲ့ အင်တာဗျူးမှာ ကာတစ်ဂျုံးက မိုဆာလာနဲ့ ဟာဇက်ကြား နှိုင်းယှဉ်ပြိုင်ဆိုင်ကြတာကို သိပေမယ့် သူအတွက်ကတော့ ဟာဇက်က ပိုကောင်းတဲ့ ကစားသမားလို့ ပြောဆိုခဲ့တာပါ။
လူငယ် ကစားသမားဘဝမှာ ဘယ်တောင်ပံ နေရာကနေ ကစားခဲ့သေးတဲ့ ဂျုံးဟာ ဆာလာထက်စာရင် ဘယ်ဂျီယံသားရဲ့ စကေးကြွယ်မှုကို နှစ်သက်ကြောင်း ဆိုခဲ့တယ်။ ဒါပေမယ့် နှစ်ဦးထဲက တစ်ဦးကို သူ့အသင်းအတွက် ရွေးချယ်ရမယ်ဆိုရင် ဆာလာပါပဲလို့ ဝန်ခံခဲ့တယ်။
ဂျုံးရဲ့ ပြောဆိုချက်ကို ဘောလုံးသမားတစ်ယောက်က သူ့အကြိုက်ကို ပြောဆိုမှုအဖြစ် အကောင်းမြင်သူတွေလည်း ရှိပေမယ့် မိုဆာလာ အမာခံပရိသတ်တွေက မျက်မုန်းကျိုးခဲ့ကြပြီး လူမှုကွန်ယက်မှာ ဝေဖန်ခဲ့ကြပါတယ်။
ပြင်းထန်တဲ့ ဝေဖန်မှုတွေမှာဆိုရင် မင်းခြေထောက်ထဲ ဘောလုံးရောက်ရင် ခဲစွဲထားတာထက်လေးတယ်၊ မင်းထက် ဟာဗေးက ပွဲထွက်ခွင့်ရသင့်တာ၊ အကယ်ဒမီထွက် မဟုတ်ရင် အသင်းမှာ နေရာမရှိတဲ့သူ စတဲ့ စကားလုံးတွေ ပါဝင်ခဲ့ပါတယ်။
လိုင်လီပွဲမှာတော့ ဆာလာအတွက် ဖန်တီးမှုလုပ်ပေးခဲ့ပြီး အတူအောင်ပွဲခံချိန်မှာ ကာတစ်ဂျုံးက လီဗာပူးပရိသတ်တွေကို တောင်းပန်းတဲ့ အမူအယာ ပြသခဲ့ကာ အီဂျစ်သားကို ပွေ့ဖက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းတစ်ဘက်ခြမ်းကို နေရာပြန်ယူခါနီးလည်း သူ မှားသွားကြောင်း ပရိသတ်တွေအား နှုတ်ကနေ ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။
The little apology from @curtisjr_10 😅pic.twitter.com/q6bta3sl9d
— The Redmen TV (@TheRedmenTV) January 21, 2025
ဆာလာ ကိုယ်တိုင်ကတော့ ကာတစ်ဂျုံးရဲ့ ပြောဆိုချက်ကို အများကြီး ခံစားရဖွယ် မရှိဘဲ ပွဲမတိုင်ခင် အတူ ဓါတ်ပုံတွဲရိုက်ပေးခဲ့သလို ဂိုးသွင်းတော့လည်း ဂိုးဖန်တီးပေးတဲ့ ကာတစ်ဂျုံးကို လက်ညှိုးထိုး အသိအမှတ်ပြုခဲ့ပါတယ်။
အာနယ် ဆလော့ လက်ထက်မှာ လီဗာပူးကစားသမားတွေအား အချင်းချင်း ပြိုင်ဆိုင်လိုစိတ်ကို ဖန်တီးပေးနေပါတယ်။ ဘယ်လောက်တောင် ပြိုင်ဆိုင်ကြသလဲဆိုရင် သွေးပူမှာတောင် ဘယ်သူက ပိုမြန်သလဲ၊ ဘယ်အဖွဲ့က ပိုမြန်သလဲကအစ ပြိုင်ဆိုင်နေကြတာပဲ ဖြစ်ပါတယ်။