ပရီးမီးယားလိဂ်ကလပ်တွေထဲ ရုပ်သံကနေ လူကြည့်အများဆုံး ဘောလုံးအသင်း လီဗာပူးဖြစ်လာ

ကမ္ဘာလုံးဆိုင်ရာ အနေအထားမှာ လီဗာပူးအသင်းရဲ့ ကျော်ကြားမှုတွေဟာ တိုးတက်လာနေကြောင်း နောက်ဆုံးထွက်ပေါ်လာတဲ့ မှတ်တမ်းတွေက ဖော်ပြလာပါတယ်။

Nielsen ဘက်က ကောက်ယူထားတဲ့ စာရင်းမှာတော့ အင်္ဂလန်ကလပ်တွေထဲမှာ လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေဟာ လူကြည့်အများဆုံး ဖြစ်လာနေပြီး ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၉ ပွဲအတွက်တင် ရုပ်သံကြည့်ရှုသူတွေဟာ 133.8 သန်း ရှိလာပါတယ်။

အမေရိကအလယ်ပိုင်း၊ တောင်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း ဒေသတွေမှာတော့ လီဗာပူးအသင်းဟာ လူကြည့်အများဆုံး ပရီးမီးယားလိဂ်ကလပ်လည်း ဖြစ်လာပါတယ်။

လီဗာပူးအသင်းရဲ့ ရုပ်သံ ပရိသတ်တွေက တိုးတက်ပြီးရင်း တိုးတက်လာနေခြင်းဖြစ်ကာ မနှစ်တုန်းကလည်း ပရီးမီးယားလိဂ် အမှတ်ပေးပွဲ ၃၈ ပွဲအတွက် လီဗာပူးအသင်းဟာ ကမ္ဘာအနှံ့ကနေ ကြည့်နှုန်း ၄၇၁ သန်းထိ ရခဲ့ကာ လူကြည့်အများဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် တရားဝင် မှတ်တမ်းရခဲ့ပါတယ်။

လီဗာပူးအသင်းအောက်က အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတို့ရဲ့ လူမှုကွန်ယက်တွေကို Follow လုပ်ထားတဲ့ ပရိသတ်တွေကလည်း သန်း ၂၀၀ ထိ ရှိပါတယ်။

အဆိုပါထဲမှာတော့ X, Facebook, Instagram, TikTok, YouTube, WhatsApp, Snapchat, Threads, LinkedIn, Sina Weibo, Bilibili, Douyin, LINE အစရှိတဲ့ နာမည်ကျော် လူမှုကွန်ယက်တွေ ပါဝင်ပါတယ်။

လီဗာပူးအမာခံပရိသတ်လေး Isaac နဲ့ ဆာလာ၊ ဗန်ဒိုက်ကြား တွေ့ဆုံမှုဟာဆိုရင် ဒီရာသီမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ဗီဒီယိုတစ်ခုဖြစ်ခဲ့ကာ လူမှုကွန်ယက်အားလုံးကနေ ကြည့်နှုန်း သန်း ၁၄၀ ထိ ရှိထားခဲ့ပါတယ်။