

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ လုပ်ခပေးချေမှုဟာ အဲ့မတိုင်ခင် ဘောလုံးရာသီကထက် ပေါင် ၁၄ သန်း မြင့်တက်လာခြင်းဟာ အဓိပ္ပာယ်မရှိဘူးလို့ အသံထွက်လာနေပါတယ်။
မနှစ်ကနွေမှာ ကလပ်ရဲ့ လုပ်ခမြင့် ကစားသမား ၆ ဦး ထွက်ခွာသွားပြီး သူတို့နေရာ လူသစ် ၄ ဦး ဝင်ရောက်လာတာပါ။ ဒီကာလတွေအတွင်း လီဗာပူးအသင်းမှာ စာချုပ်သစ်ကိစ္စ ထွေထွေထူးထူးမရှိခဲ့ဘဲ ကွမ်းဆက်၊ ဘရတ်ဒလေ၊ ကိုစတက်တို့ကို သက်တမ်းတိုးတာလောက်ပဲ မြင်တွေ့ခဲ့ရပါတယ်။
၂၀၂၅ နှစ်စမှာတင် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် လီဗာပူး အပါအဝင် ဥရောပထိပ်တန်းကလပ်တွေရဲ့ ငွေစာရင်းတွေကို နာမည်ကျော် Deloitte Football က ဖွင့်ချလာခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဝင်ငွေ စုစုပေါင်းရဲ့ ၆၃% ကို လုပ်ခတွေအဖြစ် ပေးချေရပြီး စုစုပေါင်း ၃၈၇ သန်းထိကို အကုန်အကျခံထားရကာ အဲ့မတိုင်ခင် ဘောလုံးရာသီကထက် ပေါင် ၁၄ သန်း ပိုများလာပါတယ်။
ဟန်ဒါဆန်၊ ဖာဘင်ညို၊ ဖာမင်နို၊ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာတို့ကို ထွက်ခွင့်ပေးခဲ့တဲ့ လီဗာပူးအသင်းဟာ အဆိုပါ ကာလမှာပဲ ဆိုဘိုစလိုင်၊ မာကာ၊ ဂရာဗင်ဘက်ချ်၊ အန်ဒိုတို့ကို ပြန်လည် ခေါ်ယူထားခဲ့ပါတယ်။
အသင်းက ထွက်ခွာသွားတဲ့ စီနီယာ ၆ ဦးအတွက် တစ်ပတ်ကို ပေါင် ၈၆၀၀၀၀ ဝန်းကျင်အပြင် အငှားခေါ်ယူခဲ့တဲ့ အာသာအတွက်လည်း တစ်ပတ်ကို ပေါင် ၅၅၀၀၀ ဝန်းကျင် ပေးချေခဲ့ရတာပါ။
သူတို့အားလုံး ထွက်သွားခြင်းကြောင့် အသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ လုပ်ခ စုစုပေါင်း ပေါင် ၄၇.၅၈ သန်း လျော့ကျလာရမှာဖြစ်ပေမယ့် အဲ့အစား ပေါင် ၁၄ သန်းတောင် ပိုတိုးလာပါသေးတယ်။
ထူးထူးခြားခြားအဖြစ် အဆိုပါကာလအတွင်းမှာ နည်းပြကလော့ပ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ တစ်ခုလုံး ထွက်ခွာသွားမှုရှိခဲ့ပြီး အဲ့အတွက် သီးသန့်သော ခံစားခွင့်တွေကို ပေးခဲ့သလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိထားရတာဖြစ်ပါတယ်။