

လိုင်လီကို အနိုင်ရတဲ့ပွဲမှာ လီဗာပူးအသင်းဟာ အမှားမခံတဲ့ ပုံစံဖြင့် စိတ်ရှည်ရှည်ထား ကစားခဲ့ခြင်းကို အထင်မကြီးသူတွေ ရှိနေပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်းဟာ တိုက်စစ်ဖွင့်ကစားတဲ့ပွဲတွေ အများအပြားရှိခဲ့ပေမယ့် ရှုံးထွက်တက်ရောက်နိုင်ဖို့ နီးစပ်နေတဲ့ လိုင်လီပွဲမှာ စိတ်ရှည်ရှည်ထားပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် ကစားခဲ့ပါတယ်။ တူညီတဲ့ ဟန်မျိုးကို အစ်ဝစ်ချ်ပွဲမှာလည်း သုံးလာမယ်ဆိုရင် ပြဿနာတတ်မယ်လို့ ယူဆသူတွေ ရှိနေပါတယ်။
တချို့သော ပရိသတ်တွေကတော့ စွန့်စားမှုဖြစ်ရင်တောင်မှပဲ စိတ်လှုပ်ရှားစရာ အပြည့်ဖြစ်စေမယ့် တိုက်စစ်ဖွင့်ကစားဖို့ တောင်းဆိုနေကြတယ်။ အဲ့ထဲမှာ ထိပ်ဆုံးက ပါဝင်သူကတော့ လီဗာပူးပရိသတ်တစ်ဦးဖြစ်တဲ့ နည်းပြအာနယ် ဆလော့ရဲ့ ဖခင်ပဲဖြစ်ပါတယ်။
စိတ်ရှည်ရှည်ထား ကစားခြင်းကို ပရိသတ်တွေအမြင်မှာ နှစ်သက်ဖွယ် မရှိခြင်းနဲ့ ပတ်သတ်လို့ အာနယ် ဆလော့ကတော့ “ ပရိသတ်တွေအတွက်ကျ ခက်ခဲပါတယ်၊ ကျနော် အဖေကလည်း ပရိသတ်တွေထဲက တစ်ယောက်ပါပဲ ” လို့ ပြောပြပါတယ်။
ဆက်လက်ပြီး လီဗာပူးနည်းပြ အာနယ် ဆလော့က “ ပွဲအပြီး အဖေနဲ့ စကားပြောတော့ သူက ‘ လိုင်လီပွဲမှာ မင်းတို့ ကစားခဲ့တာ အခြား လီဗာပူးပွဲတွေလောက် စိတ်လှုပ်ရှားစရာ မကောင်းဘူး’ လို့ ကျနော်ကို ပြောခဲ့ပါတယ်။
အဲ့မှာ ကျနော်ကလည်း ဒီလိုပွဲမျိုးမှာ ဖွင့်ပြီး ကစားမယ်ဆိုရင် ကျနော်တို့ ခပ်လွယ်လွယ် ရှုံးသွားနိုင်တယ်ဆိုပြီး ရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် အဖေကတော့ ကျနော် ပြောတာကို လက်မခံပါဘူး။
ဒါပေမယ့် မန်နေဂျာတစ်ယောက်အဖြစ် လိုင်လီပွဲမှာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ စုဖွဲ့မှု သိပ်ကောင်းပြီး ပွဲကို အများကြီး ထိန်းချုပ်ကစားနိုင်တဲ့ အသင်းမျိုးဖြစ်လို့ပါပဲ ” ဆိုပြီး ရှင်းပြခဲ့တာဖြစ်ပါတယ်။
အစ်ဝစ်ချ်တို့ဟာ ပြိုင်ဘက်အသင်းကို ဘောလုံးကို်င်ခွင့် ယူချင်သလောက် ယူဆိုပြီး ပေးထားလေ့ရှိကာ low block ဖြင့် ခံစစ်ကို ပိတ်ကစားတတ်တယ်။ အဲ့လိုအသင်းကို စိတ်ရှည်ရှည်ထားပြီး လုံခြုံစွာ ကစားမလား ဖွင့်ကစားပြီး တိုက်စစ်ဆင်သွားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။