

ဆော်ဒီပရိုလိဂ်ကလပ် Al-Hilal အသင်းဟာ လီဗာပူးတိုက်စစ်မှူး ဒါဝင် နူးညက်စ်ကို အတော်လေး သဘောကျတာကြောင့် ဒီလထဲ တရားဝင် ကမ်းလှမ်းမှုပေးဖို့ စီစဉ်နေပါတယ်။
ဆော်ဒီဘက်က ဒါဝင်ကို ခေါ်ယူလိုကြောင်း သတင်းတွေကို ထုတ်လွှင့်ထားပြီး စနည်းနာနေတဲ့ အခြေအနေဖြစ်ကာ လီဗာပူးဘက်ကတော့ ရောင်းချလိုရိပ် မပြသထားပါဘူး။ ဒါကြောင့်ပဲ ကစားသမားဘက်ကိုပါ ချဉ်းကပ်ဖို့ ပြင်ဆင်နေပါတယ်။
The Telegraph ရဲ့ ဖော်ပြချက်မှာတော့ Al-Hilal အသင်းဟာ လီဗာပူးတိုက်စစ်မှူး ဒါဝင် နူးညက်စ် ဒါမှမဟုတ် အက်စတွန်ဗီလာ တိုက်စစ်သမား ဒူရန်ကို ခေါ်ယူလိုနေတယ်။
ဒါဝင်ကို ခေါ်ယူနိုင်မယ်ဆိုရင် လက်ရှိ လီဗာပူးမှာ သူရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ထက် ၅ ဆလောက်ပိုရမယ့် တစ်ပတ်လုပ်ခ ပေါင် ၅၅၈၀၀၀ ထိ ပေးချေမှာဖြစ်ပါတယ်။ ဆော်ဒီဘက်ကပေးမယ့် လုပ်ခဟာ တစ်နှစ်ကို ပေါင် ၂၉ သန်း တန်ကြေးရှိပြီး မိုဆာလာ လီဗာပူးမှာရနေတဲ့ လုပ်ခထက်တောင် သာလွန်နေတာပါ။
ကစားသမား ကိုယ်တိုင်ကတော့ လီဗာပူးအသင်းမှာ သူ့ရဲ့ ပွဲထွက်ခွင့်ကို ဆက်လက် အားထုတ်ပြီး ဥရောပမှာပဲ ဆက်နေလိုတယ်။ လီဗာပူးဘက်ကလည်း ဒါဝင်အပြင် ခီယေဆာနဲ့ အန်ဒိုတို့ကိုပါ ရာသီကုန်ထိ ဆက်ထိန်းထားလိုနေပါတယ်။
ရေရှည် အခြေအနေအတွက်တော့ ဒါဝင်ရဲ့ ကိုယ်စားလှယ်တွေက သူတို့ တိုက်စစ်သမား ပုံမှန်ကစားခွင့်ရမယ့် ကလပ်မျိုးကို ရှာဖွေသွားဖွယ်ရှိနေကာ အေစီမီလန်နဲ့ ချိတ်ဆက်မှုရှိထားပါတယ်။
ဒီရာသီ ဒုတိယရာသီဝက်ဟာ လီဗာပူးမှာ ဒါဝင် ဆက်ရှိနေမလား အကဲဖြတ်တဲ့ ကာလတစ်ခုဖြစ်လာနိုင်ပြီး တိုက်စစ်သမားဘက်က ပထမရာသီဝက်လို အခွင့်အရေး ဆုံးရှုံးမှုတွေ ဆက်ရှိနေရင် နွေမှာတော့ နှစ်ဘက် လမ်းခွဲမှုမျိုး ဖြစ်လာနိုင်ဆဲဖြစ်ပါတယ်။