လီဗာပူးရဲ့ စနစ် အပြောင်းအလဲမှာ ထရန့် နံပါတ် ၆ နေရာ ဝင်ယူလာခြင်းကို ဆွေးနွေးသွားတဲ့ ဂွာဒီယိုလာ

ပက်ဂွာဒီယိုလာဟာ ထရန့် အလက်ဇန္ဒား-အာနိုးကို နေရာပြောင်းလဲပေးလိုက်တာ အပါအဝင် လီဗာပူးကို ၁၀ ပွဲဆက် ရှုံးပွဲမရှိအောင် ပြန်လည် ဖန်တီးနိုင်ခဲ့တဲ့ ယာဂင်ကလော့ပ်ရဲ့ နည်းဗျူဟာအပြောင်းအလဲကို ချီးကျူးခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ကလော့ပ်ဟာ အာဆင်နယ်နဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း ထရန့်ကို ကွင်းလယ်နေရာတွေမှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ ပြောင်းလဲလိုက်တဲ့ စနစ်အရ လီဗာပူးဟာ ခံစစ် ၃ ယောက်တန်း ပုံစံကို နံပါတ် ၆ နှစ်ဦးတွဲဖြင့် ကစားနေစေတဲ့ ပုံစံမျိုး ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးနည်းပြဟာလည်း အလားတူ နှစ်မျိုးစပ်ပုံစံ တစ်ခုကို အသုံးချနေပြီး ဂျွန်စတုန်းကို ခံစစ်ကွင်းလယ်လူ နေရာ ပြောင်းလဲ နေရာချပြီးတဲ့နောက် နည်းစနစ်ပိုင်း အကျိုးသက်ရောက်မှုကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကတ်တလန်နည်းပြက “ တခါတလေ အသင်းက ပြိုင်ဘက်တွေနဲ့ သူတို့ပေးတဲ့ ပြဿနာတွေအပေါ် မူတည်ပြီး ပြောင်းလဲမှုတွေ လုပ်ရတယ်။ ၂ရာသီအတွင်း ကစားထားတဲ့နည်းအတိုင်း ၇နှစ်လုံး ကစားလို့မရပါဘူး။

ပထမဆုံးအနေနဲ့ မတူညီတဲ့ ကစားသမားတွေရှိတယ်။ ကျွန်တော်တို့ဟာ အရင်က false nine တစ်ယောက် ရှိနေကျဖြစ်ပေမယ့် အခု ဟာလန်းနဲ့ ကစားရတယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ်၊ ခံစစ်ကစားပုံက လုံးဝ မတူတော့ဘူး။

ဒုတိယတချက်က ပြိုင်ဘက်တွေရဲ့ ခုခံပုံက မတူညီဘူး။ ဘာလို့လဲဆိုတော့ သူတို့က မင်းအကြောင်းသိပြီး မင်းကစားသမားတွေရဲ့ လျို့ဝှက်ချက်တွေကို ရှာတွေ့သွားတတ်တယ်။ သူတို့က အဲ့ဒါကို တန်ပြန်လာရင် ကိုယ်က နောက်ထပ်တစ်ခု ဖန်တီးရတယ်။

အခု လီဗာပူးဟာ ထရန့်ကို အတွင်းထဲမှာထားပြီး ကစားလာတယ်။ အရင်တုန်းက သူဟာ အပြင်ဘက်ခြမ်းမှာ တောက်လျှောက်ကစားခဲ့ပြီး အခုမှ အတွင်းထဲ ရောက်လာတယ်။ ပြိုင်ဘက်တွေက သူတို့တိုက်စစ်ဆင်ပုံအတွက် အဖြေရှာတွေ့သွားတော့ အခု သူတို့က ထရန့်ကို အတွင်းထဲခေါ်ထားပြီး ပြသနာတွေ အများကြီး ဖြေရှင်းလိုက်တယ်။

အနာဂတ်မှာ ဖာဘင်ညိုကို အတွင်းထဲထားပြီး ထရန့်ကို နောက်ခံလူ ထားထားတဲ့ ဗျူဟာကို ပြိုင်ဘက်တွေ အဖြေရှာတွေ့သွားရင် ကလော့ပ်က နောက်တမျိုး ထပ်ပြောင်းရမှာပါ။ ၇နှစ်အတွင်း နည်းစနစ်တစ်မျိုးထဲ ကစားပြီး ပြိုင်ဘက်တွေက မသိတာမျိုးဖြစ်ရင် ကောင်းမှာပေါ့။ ဒါပေမယ့် အဲ့ဒါက မဖြစ်နိုင်ပါဘူး ” လို့ ဂွာဒီယိုလာက ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီအတွင်း ခံစစ်ကစားပုံနဲ့ ပတ်သက်ပြီး အတော်လေး ဝေဖန်ခံခဲ့ရတဲ့ ထရန့်ဟာ စနစ် အပြောင်းအလဲမှာ ၆ဂိုးဖန်တီး၊ ၁ဂိုး သွင်းယူခဲ့ပြီ ဖြစ်ပါတယ်။