လီဗာပူး ကြယ်ပွင့်တွေထဲက ၁ ဦးကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်ပေးလိုက်တဲ့ အာနယ် ဆလော့

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးရက်မှာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂျေဒန်ဒန့်စ်ကို ချန်ပီယံရှစ်ထံ အငှားလွတ်တော့မှာ ဖြစ်ပါတယ်။

ဒန့်စ်ကို ခေါ်ယူဖို့ ဟူးစီးတီးနဲ့ ဆန်းဒါးလန်းတို့ အပြိုင် ကြိုးစားနေပါတယ်။ ကနဦးမှာ ဟူးစီးတီးက ရေပန်းစားနေပေမယ့် စျေးကွက်ပိတ်ခါနီးမှာ ဆန်းဒါးလန်းက ပိုမို နီးစပ်လာနေတာပါ။

အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးကို ပွဲကစားခွင့် အာမခံချက်ဖြင့် လီဗာပူးဘက်က အငှားချသွားမှာဖြစ်ပါတယ်။ သူ့အပြင် ရာသီဝက်မှာ အသင်းထံ ပြန်ရောက်လာတဲ့ ကိတ်ဂေါ်ဒန်ကိုလည်း ထပ်မံ အငှားချသွားပါမယ်။

ထူးခြားမှုအဖြစ် ကလပ် အများအပြားက အငှားခေါ်ယူလိုကြောင်း ကမ်းလှမ်းထားကြတဲ့ ကွင်းလယ်လူ ဂျိမ်းမက်ကော်နယ်ကို အသင်းမှာ ဆက်ထားဖို့ နည်းပြ အာနယ် ဆလော့က ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဘလက်ဘန်း၊ ဆွမ်ဆီး၊ ဒါဘီ အစရှိတဲ့ ကလပ်တွေက ဒီကနေ့မှာပဲ မက်ကော်နယ်ကို အငှား ခေါ်လိုကြောင်း ချိတ်ဆက်ပေမယ့် ချန်ပီယံလိဂ်မှာ ထူးချွန် ခြေစွမ်းပြသခဲ့တဲ့ ကွင်းလယ်လူကို လီဗာပူးဘက်က ရာသီကုန်ထိ အသင်းမှာပဲ ဆက်ထိန်းထားတော့မှာပါ။

အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ ဘုန်းမောက်ပွဲ ပွဲနေ့ လူစာရင်းမှာ ပါဝင်လာခြင်း မရှိဘဲ ယူ-၂၁ အသင်းမှာပဲ ဆက်ရှိနေခဲ့သူပါ။ သူဟာ လာမယ့် ကာရာဘောင်း ဆီမီးဖိုင်နယ်နဲ့ အက်ဖ်အေဖလားပွဲမှာတော့ အသင်းရဲ့ ပွဲနေ့ လူစာရင်းထဲ ပြန်ပါလာခွင့် ရသွားဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ လူသစ် ခေါ်ယူမှု ကြီးကြီးမားမား ပြုလုပ်သွားဖို့ မရှိတော့ဘဲ နွေကျမှပဲ အဓိက ကစားသမားတွေ ထွက်ခွာမှုအပေါ် မူတည်ပြီး အင်အားဖြည့်ရေးကို ကြိုးစားသွားမှာ ဖြစ်ပါတယ်။