

မနေ့က အက်စ်တွန်ဗီလာနဲ့ တစ်ဂိုးစီ သရေကျပြီးတဲ့နောက် လီဗာပူးနည်းပြ ကလော့ပ်က ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲ ကျရှုံးမှုကို ဝန်ခံခဲ့ပြီး အသင်းဟာ နောက်ရာသီ ယူရိုပါလိဂ် ကစားရမှာကို မကျေမနပ် ဖြစ်မနေပါဘူးလို့ ပြောဆိုခဲ့ပါတယ်။
အန်ဖီးမှာ ၂မှတ် ဆုံးရှုံးလိုက်ရပြီးနောက် လီဗာပူးဟာ ဆောက်သမ်တန်နဲ့ ရာသီနောက်ဆုံးပွဲကို အနိုင်ယူပြီး လက်ကျန် ၂ပွဲမှာ ယူနိုက်တက် ဒါမှမဟုတ် နယူးကာဆယ်တို့ နိုင်ပွဲ လုံးဝ မရဖို့ မျှော်လင့်နေရတော့မှာပါ။
“ ကျွန်တော်တို့ ယူရိုပါလိဂ်ကို ကိုယ့်လိဂ်လို သဘောထားသွားမှာပါ။ သိပ်ပြီး စိတ်ပျက်မနေပါဘူး။ ပြိုင်ဘက်အသင်းကောင်းတွေ ကြားထဲမှာ အခုလို ယူရိုပါလိဂ်ဝင်ခွင့် ရထာပြီးတာကပဲ သိပ်ကောင်းနေပါပြီ။ ဒီအနေအထား ရောက်လာဖို့က တကယ်ကို ခက်ခဲပါတယ်။
ဟိုးအရင်တုန်းက ကာလအချိန်ကြာကြီး ကျွန်တော်တို့တွေ ချန်ပီယံလိဂ် တီးလုံးသံကိုတောင် မကြားနိုင်ခဲ့ပါဘူး။ အခု ယူရိုပါလိဂ်ကစားရလည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ကြည့်ရမှာပါ ” လို့ ကလော့ပ်က ဆိုပါတယ်။
လီဗာပူးဟာ ဗီလာနဲ့ပွဲမှာ နောက်ကျ အနိုင်ဂိုးကို မရှာဖွေနိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က အသင်းရဲ့ အနေအထားအရ ဒီရလဒ်ကို ကျေနပ်မိတယ်လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။
“ သရေကျတယ်။ အဆင်ပြေပါတယ်။ ဘာမှ မဖြစ်ပါဘူး။ အသင်းဟာ ဒီရာသီ အချိန်အများစုမှာ ချန်ပီယံလိဂ်ထက် ယူရိုပါလိဂ်ကို ဦးတည်ကစားခဲ့ရတာပါ။
ကျွန်တော်တို့တွေ လုံလောက်အောင် မကောင်းခဲ့တာ အချိန်အတော်ကြာခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ထိပ်ဆုံးလေးသင်း ပြိုင်ပွဲကို အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းအောင် လုပ်နိုင်ခဲ့တယ် ထင်ပါတယ်။ လွန်ခဲ့တဲ့ ၇ပတ်လောက်ကဆို ဒီလို လုပ်နိုင်ဖို့က ဖြစ်နိုင်တယ်လို့တောင် မထင်ခဲ့ဘူးလေ။
ဒီအချိန်အတွင်း ကောင်လေးတွေ တကယ်ကို ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ပရိသတ်တွေလည်း ကျေနပ်ပျော်ရွှင်ခဲ့ကြတယ် ထင်ပါတယ်။ ဒီနေ့မှာ သူတို့တွေ ကျွန်တော်တို့ကို စိတ်မဆိုးခဲ့ဘူး။ သူတို့ဟာ ပရီးမီးယားလိဂ် ရာသီသစ်နဲ့ ယူရိုပါလိဂ် ရာသီအတွက် မျှော်လင့်နေပါပြီ” လို့ ကလော့ပ်က ဆိုခဲ့တာ ဖြစ်ပါတယ်။