

လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ ၂၀၁၈ မှာ ကျော်ကြားလှတဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုဖြစ်တဲ့ ကော်တင်ညိုကို ရောင်းထုတ်ပြီး ဗန်ဒိုက်၊ အယ်လီဆန် ခေါ်ယူမှုလို ကိစ္စမျိုး ၂၀၂၅ နွေမှာ ပြုလုပ်နိုင်ရေး ကြိုးစားနိုင်ကြောင်း အသံထွက်နေပါတယ်။
လီဗာပူးအသင်းဟာ ၂၀၁၈ ဇန်နဝါရီမှာတော့ ဘရာဇီးတိုက်စစ်သမား ကော်တင်ညိုကို ပရီးမီးယားလိဂ် စံချိန်တင်ကြေးဖြစ်တဲ့ ပေါင် ၁၄၂ နဲ့ ရောင်းထုတ်ခဲ့တာပါ။
တူညီတဲ့ စျေးကွက်မှာပဲ ဗန်ဒိုက်ကို ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၇၅ သန်း၊ နောက်ထပ် ၆ လအကြာမှာ အယ်လီဆန်ကို စံချိန်တင်ကြေး ပေါင် ၆၆ သန်းတို့ဖြင့် ပြန်လည် ခေါ်ယူခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့ဟာ ဘောလုံးသမိုင်းမှာ စံထားရတဲ့ လူစာရင်း အပြောင်းအလဲ ပြုလုပ်မှုဖြစ်ခဲ့သလို အဓိက ပဲ့ကိုင်ရှင် မိုက်ကယ်အတ်ဝပ်ရဲ့ နာမည်ဟာလည်း ကမ္ဘာကျော်ခဲ့ပါတယ်။
ဒီနွေမှာတော့ လီဗာပူးအသင်းဟာ ခေါ်ယူမှုကြီး တစ်ခု ပြုလုပ်လာဖွယ် ရှိနေကာ နံပါတ် ၉ နေရာအတွက် အာနယ် ဆလော့ စိတ်ကြိုက် ကစားသမားတစ်ဦးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ချိတ်ဆက်ဖွယ်ရှိပါတယ်။ Big transfer ဖြစ်လာနိုင်ကြောင်းကို အပြောင်းအရွှေ့ သတင်းထောက်တွေက အရိပ်အမြွက် ပြလာနေပါတယ်။
လီဗာပူးအပြင် ယူနိုက်တက်၊ ချယ်ဆီး၊ အာဆင်နယ်တို့ကလည်း တိုက်စစ်အတွက် လူရှာနေတာမို့ နွေမှာ နံပါတ် ၉ သမား တောင်းဆိုမှု များပြားနေပါတယ်။ စပို့တင်းမှ ခရိုးကီးယက်စ်၊ နယူးကာဆယ်မှ အီဆက် အပါအဝင် ဘရိုက်တန်မှ ပက်ဒရိုနဲ့ ဖာဂူဆန်၊ ဝုဗ်မှ ကူညာ၊ အစ်ဝစ်ချ်မှ ဒီလပ်တို့ဟာ ထိပ်တန်းအသင်းတွေနဲ့ အသံထွက်နေပါတယ်။
လီဗာပူးဟာ ထိပ်တန်း တိုက်စစ်သမား ခေါ်ယူရေးအတွက် ပေါင် သန်း ၁၀၀ အထက် သုံးရဖွယ်ရှိနေပြီး ဒါဝင် နူးညက်စ်ကို ဆော်ဒီလိဂ်ထံ ရောင်းချတာအပြင် ဒီယက်ဇ် ဒါမှမဟုတ် ဂျိုတာကိုလည်း မှန်ကန်တဲ့ စျေးနှုန်းရရင် အသင်းပြောင်းခွင့်ပေးတာမျိုး ဖြစ်လာနိုင်တယ်။
လီဗာပူးရဲ့ နွေအပြောင်းအရွှေ့ ပစ်မှတ်စာရင်းဟာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ် အခြေအနေအပေါ် မူတည်ပြီး အပြောင်းအလဲ ရှိလာနိုင်သေးကာ ထိပ်တန်း ကစားသမား ၃ ဦးကို သက်တမ်းတိုးနိုင်ကို ဦးစားပေး ကြိုးစားဦးမှာ ဖြစ်ပါတယ်။