လီဗာပူးအသင်းမှာ သူ့ကို အံ့အားသင့်စေတဲ့ ကစားသမား ၂ ဦးအား အာနယ် ဆလော့ ထုတ်ဖော်

ဂယ်ရီလင်ကာ – လီဗာပူးကို မင်းရောက်လာတော့ ဘယ်ကစားသမားတွေကို အံ့ဩသင့်မိလဲ? လို့ မေးခွန်းထုတ်ချိန်မှာ အာနယ် ဆလော့က

” အင်္ဂလန်မှာ လူတိုင်းက ဗန်ဒိုက်ကို ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးလို့ သတ်မှတ်ကြတယ်။ ဟော်လန်မှာတော့ မတူဘူး၊ ဒီမှာထက်စာရင် သူ့ကို ပိုပြီး ဝေဖန်ကြတယ်။ ဘောလုံးနဲ့အတူ ဗန်ဒိုက် ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတာကို မြင်တဲ့အခါမှာ ကျနော် သိပ်ကို အံ့အားသင့်ခဲ့ရတယ်။

ပထမဆုံး အလုပ်လုပ်တဲ့နေ့ကစပြီး လိုင်းတွေကို ကျော်ဖြတ်ပြီး သူ့ရဲ့ ဘောလုံးပေးနိုင်စွမ်းက အစပေါ့။ ကျနော် စိတ်ထဲမှာ ဝါး.. ပေါ့ တကယ့် ကစားသမားကြီးပဲဆိုပြီး ဖြစ်ခဲ့ရတယ်။ ကျနော်ရဲ့ စနစ်မှာ သူက အခြား လယ်ဗယ်တစ်ခုမှာ ရှိနေတဲ့ ကစားသမား တစ်ဦးပါပဲ။ ” လို့ ပြောပါတယ်။

လီဗာပူးအသင်းမှာ ထင်မထားဘဲ နောက်ထပ် အမြင့်ဆုံး စွမ်းဆောင်ရည် ပြသနိုင်သူအဖြစ်တော့ ရိုင်ယန် ဂရာဗင်ဘက်ချ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒတ်ချ်ကွင်းလယ်လူရဲ့ နာမည်ကို သူ့တို့ မိခင် ဘာသာမှာတော့ ခလာဗန်ဘတ်လို့ သုံးတယ်ဆိုပြီး အာနယ် ဆလော့က ပြောပါသေးတယ်။

” လီဗာပူးအသင်းမှာက အမြင့်ဆုံးဆိုတဲ့ ထိပ်တန်းအဆင့်ကို ရောက်နေပြီး အဲ့အဆင့်မှာပဲ ဆက်ရှိနေဖို့ ခြေစွမ်းကောင်းတွေ ထိန်းသိမ်းထားနိုင်သူတွေ ရှိပါတယ် (ဆာလာ၊ ထရန့်တို့လို ကမ္ဘာ့အဆင့်တွေကို ဆိုလို) ။

အဆင့်တစ်ခုကနေ အမြင့်ဆုံး အဆင့်တစ်ခုထံ တက်လှမ်းသွားတဲ့ ကစားသမား တစ်ဦးဆိုရင်တော့၊ ကျနော် ကိုယ်တိုင်ကပါ အဲ့လောက် တိုးတက်သွားမယ် မထင်ခဲ့သူကတော့ ရိုင်ယန် ခလာဗန်ဘတ်ပါပဲ။

အခြားကစားသမားတွေက အကောင်းဆုံးဆိုတဲ့ အဆင့်မှာ ရှိခဲ့ပြီး ဆက်ရှိနေကြတာ ခလာဗန်ဘတ်ကတော့ အဲ့အဆင့်ကို တိုးတက်သွားတာပါ ” လို့ နည်းပြက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဂရာဗင်ဘက်ချ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်သမား အဖြစ် တောက်ပနေပြီး ဥရောပမှာလည်း ထိပ်တန်းအဆင့် ခြေစွမ်းတွေ ပြသနိုင်နေတာပဲ ဖြစ်ပါတယ်။