လူသစ် ၁ ဦးပဲခေါ်ပြီး ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး လူစာရင်းဖြစ်လာစေတဲ့ လီဗာပူးရဲ့ လျှို့ဝှက်ချက်

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ ဂျူဗင်တပ်ကနေ တိုက်စစ်မှူး ခီယေဆာ တစ်ဦးတည်းကို ခေါ်ယူခဲ့ပေမယ့် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းလို့ ကင်ပွန်းတပ်ခံနေရပါတယ်။

အကြောင်းရင်းကတော့ ပွဲနေ့တွေအတွင်း လီဗာပူးနည်းပြ အာနယ် ဆလော့မှာ ရွေးချယ်စရာ ကစားသမား ၂၀ ဦးအထက် အမြဲတမ်း ရှိနေခြင်းကြောင့်ဖြစ်ပြီး တနည်းပြောရရင်တော့ လီဗာပူးလူစာရင်းရဲ့ ဒဏ်ရာ ပြဿနာ ရှောင်ရှားနိုင်စွမ်းပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား၊ ချန်ပီယံလိဂ် အမှတ်ပေးဇယား တို့ကို ဦးဆောင်ထားတဲ့ လီဗာပူးအသင်းဟာ မနှစ်ကလည်း ဇယားထိပ်မှာ ခပ်ကြာကြာနေခဲ့သေးပေမယ့် ဒဏ်ရာရဲ့ ထိုးနှက်မှုတွေကြောင့်ပဲ ကလော့ပ်နဲ့အတူ ဆုဖလားကြီး ကိုင်ဆောင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။

အာနယ် ဆလော့ လက်ထက်မှာတော့ လူစာရင်း မပြောင်းလဲပေမယ့် လေ့ကျင့်ရေး ပုံစံကို အကြီးအကျယ် ပြောင်းလဲမှု ပြုလုပ်နေခဲ့ပါတယ်။ လူသိနည်းတဲ့ အချက်တစ်ခုဖြစ်ပေမယ့် အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်တို့က အာနယ် ဆလော့တို့အဖွဲ့ကို အလိုရှိခြင်းမှာ ဒဏ်ရာ ပြဿနာ ဖြေရှင်းနိုင်စွမ်းလည်း ပါဝင်ပါတယ်။ ဒါကိုလည်းLFCThaDin ဖတ်ရှုသူတွေအတွက် ကျနော်တို့ မကြာခဏ ဖော်ပြထားဖူးပါတယ်။

အေဇက်နဲ့ ဖီယင်နုတို့ကို ကိုင်တွယ်တဲ့ ၃ ရာသီအတွင်း ဆလော့ရဲ့ အဖွဲ့ဟာ ဒဏ်ရာနဲ့ ပတ်သက်လာရင် သိပ်ကို စံနှုန်းကောင်းပါတယ်။ ဖီယင်နုမှာဆိုရင် သူ့ရဲ့ ကစားသမားတွေကို ပွဲနေ့အတွက် ရွေးချယ်လို့ ရနိုင်စွမ်းဟာ ၉၀% ထိ ရှိတဲ့ထိ မြင့်မားပါတယ်။

အာနယ် ဆလော့ အသင်းရဲ့ ရုပ်ပိုင်ဆိုင်ရာပိုင်းကို တာဝန်ယူသူကတော့ ဥရောပရဲ့ အကောင်းဆုံး ထရိန်နာတွေထဲက တစ်ဦးဖြစ်သူ ရူဘန် ပီတာစ့်ပဲ ဖြစ်ပါတယ်။ လီဗာပူးလေ့ကျင့်ရေးက ထူးခြားမှုတွေကို ကောက်နုတ်ဖော်ပြရမယ်ဆိုရင်

  • ကစားသမားတွေကို တစ်ဦးချင်းလိုက် လေ့ကျင့်ချိန် စီစဉ်ပေးထားပါတယ်
  • ထရိန်နင်ချိန်ကို ပိုကြာကြာ လုပ်ပါတယ်
  • ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေကို လျော့လုပ်ပါတယ်
  • နံနက်ခင်းတိုင်း ကျန်းမာရေး စစ်ဆေးပါတယ်
  • ယောဂနဲ့ Hydrotherapy လေ့ကျင့်ရေးတွေကို ပြုလုပ်စေပါတယ်
  • ကစားသမားတွေရဲ့ gym ချိန်ကို ပိုတိုးထားပါတယ်
  • ရေခဲစိမ်ခြင်း ပလန်တွေကို ပြောင်းလဲထားပါတယ်

ဒီပလန်တိုင်းရဲ့ နောက်မှာတော့ အသေးစိတ်ကျတဲ့ လမ်းညွှန်ချက်တွေ ထပ်မံ ရှိနေမှာဖြစ်ပြီး ကစားသမားတွေရဲ့ အနားယူမှုနဲ့ recovery ချိန်တွေကိုလည်း အထူးဂရုစိုက် စီစဉ်ပေးထားပါတယ်။

လူစာရင်းကို တောင့်တင်းစွာ ရွေးချယ်နိုင်ခြင်းရဲ့ သာဓကတစ်ခုကတော့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဘုန်းမောက်အသင်းနဲ့ပွဲမှာဆိုရင် ပွဲနေ့ လူစာရင်း ပြည့်နေလို့ တိုက်စစ်မှူး ခီယေဆာကို အရန်စာရင်းကနေတောင် မထည့်နိုင်တာမျိုး ဖြစ်ခဲ့ပါတယ်။

ပထမရာသီဝက်မှာ လီဗာပူးနည်းပြအဖွဲ့ရဲ့ ကြံ့ခိုင်မှုရေးရာ အစီအစဉ်တွေ အလုပ်ဖြစ်ထားသလို လက်ကျန် ရာသီဝက်မှာလည်း အလုပ်ဖြစ်လာဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။