နွေအပြောင်းအရွှေ့အကြောင်း သတင်းပါးမှု ဆက်တိုက် ပြုလုပ်နေတဲ့ အာနယ် ဆလော့

ဒီနွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်းဟာ သေချာပေါက် လူသစ် ခေါ်ယူမှု ပြုလုပ်ရမှာဖြစ်ကြောင်း နည်းပြ အာနယ် ဆလော့က ပြောလာပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ဆုဖလားကြီးတွေကို စိန်ခေါ်နိုင်စွမ်း ရှိနေဆဲဆိုပေမယ့် လက်ရှိ လူစာရင်းက သွေးသစ်လောင်းဖို့ မလိုအပ်တာမျိုး မဟုတ်ပါဘူး။ အသင်းရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ဂိုးသမား အယ်လီဆန်၊ ဘယ်အစွန်လူ ရော်ဘတ်ဆန်အပြင် ဗန်ဒိုက်၊ ဆာလာတို့ဟာ အသက် ၃၀ ကျော်အရွယ်ကို ရောက်လာနေပါပြီ။

လက်ရှိ လူစာရင်းဟာ ကလော့ပ် လက်ထက်က ကစားသမားတွေကို ဆက်ခံထားခြင်း ဖြစ်ပြီး အာနယ်ဆလော့က သူ့စနစ်မှာ အံဝင်မယ့် လူသစ် အချို့ကို ခေါ်ယူလိုစိတ် ရှိနေပါတယ်။

အာနယ် ဆလော့ကတော့ ” လူတွေက ကျနော်တို့အသင်း လူမခေါ်ဘူးလားလို့ မေးခွန်းထုတ်ကြပါတယ်။ အကြောင်းကတော့ နွေစျေးကွက်မှာကော ဆောင်းရာသီ စျေးကွက်မှာပါ ကျနော်တို့က လူခေါ်ယူမှုတွေ အများကြီးကို မလုပ်ခဲ့တာကြောင့်ပါ။

အဲ့လိုမလုပ်ခဲ့တာကလည်း အကြောင်းရင်း တစ်ခုတည်းကြောင့်ပါ။ လက်ရှိ လူစာရင်းကို ကျနော်တို့ ပျော်ရွှင်နေလို့ပါပဲ။

ဒါပေမယ့် နွေမှာတော့ ကျနော်တို့ လူသစ် ခေါ်ယူမှုကို သေချာပေါက် ပြုလုပ်ရမယ်ဆိုတာ နားလည်ပါတယ်။ ဆိုလိုတာက ကျနော် အမြင်မှာပေါ့နော်။ လာမယ့် နှစ်တွေအတွက် ကျနော်တို့ ခေါ်ယူမှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ဆုဖလားတိုင်းကို စိန်ခေါ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အထောင်တိုက်စစ်၊ ဘယ်အစွန်လူ၊ ကွင်းလယ်ခံစစ်နေရာတွေကို အားဖြည့်ဖို့ လိုအပ်နေသလို အနာဂတ်မှာတော့ ကလယ်ဟာ၊ ဂိုးမက်စ်တို့နေရာ အစားထိုးဖို့ရာ homegrown ကစားသမားပိုင်းကိုလည်း ဖြည့်တင်းဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။