မနေ့ညကပွဲမှာ လီဗာပူးအသင်းက အာဆင်နယ်ကို ရင်ဆိုင်ကစားပြီး ၂-၂ ရလဒ် ရယူနိုင်ခဲ့သလို ကလော့ပ်ရဲ့ အကောင်းဆုံး အသင်းနဲ့ အညံ့ဆုံး အသင်းကို တစ်ပြိုင်နက် မြင်ခဲ့ရပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်းဟာ အိမ်ကွင်းပုံစံ မဆိုးလှပါဘူး။ ထိပ်ဆုံး ၄ သင်း ထဲ ဝင်နိုင်ရေး နိုင်ပွဲတစ်ပွဲ လိုအပ်နေချိန် ဖြစ်ပါတယ်။ ယှဉ်ပြိုင်ရမယ့် အသင်းက ဇယားထိပ်က အာဆင်နယ်မို့ အသင်းထံက တက်ကြွတဲ့ ပွဲတစ်ပွဲအတွက် အားထုတ်လာခြင်းမျိုး မြင်ရမယ်လို့ ယူဆထားခဲ့တယ်။
ဒါပေမယ့်လို့ ပထမပိုင်း မိနစ် ၃၀ ကျော်ထိဟာ ဒီရာသီ မြင်နေကျ လီဗာပူးအသင်း ဖြစ်ပါတယ်။ တိုက်ခိုက်လိုစိတ် မရှိ၊ ပေါ့ဆမှုတွေဖြင့် ပြည့်နှက်နေပြီး ပြိုင်ဘက်က လှောင်ရယ်မှုကို ခေါင်းငုံ့ပေးလိုစိတ်ရှိတဲ့ ချန်ပီယံအို အသင်းတစ်သင်း ပုံစံဖြစ်ပါတယ်။
ပြိုင်ဘက်က အာဆင်နယ် မဟုတ်ဘဲ ဇယားအောက်ဆုံးက အသင်းဖြစ်ရင်တောင် ဂိုးရလောက်တဲ့ထိ ခံစစ် ကာကွယ်ပုံက လွယ်ကူ နုံချာပါတယ်။ အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေရဲ့ ဟစ်ကြွေးသံထက် အဝေးကွင်း ပရိသတ်တွေရဲ့ ပျော်ရွှင်သံတွေကိုတောင် ပိုကြားရလောက်တဲ့ အထိပါပဲ။
ဒါပေမယ့်လို့ ထရန့်နဲ့ ရှာကာတို့ ဖြစ်ရပ်နောက်ပိုင်းမှာ အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေရဲ့ ဒေါသဟာ ကွင်းထဲက ကစားသမားတွေထံ ကူးစက်သွားခဲ့ပါတယ်။ စနစ်တံကို မီးရှို့လိုက်သလိုပဲ အန်ဖီးကွင်းက ဝုန်း ဝုန်းနဲ့ ပေါက်ကွဲခဲ့ကာ လီဗာပူး ဘာလုပ်နိုင်တယ်ဆိုတာကို မြင်ခဲ့ရပါတယ်။
အသင်းရဲ့ ဒုတိယပိုင်း ခြေစွမ်းကို ကြည့်ပြီး ခံစားမိတာကတော့ တကယ်တမ်း လီဗာပူး လိုအပ်နေတာဟာ စိတ်ဓါတ် ပြင်းထန်မှုဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆုဖလား စိန်ခေါ်မှုလို တွန်းအားတစ်ခုဖြစ်ပါတယ်။ ကလော့ပ်လက်ထက် လီဗာပူးအသင်းဟာ ဆုဖလားကို အမြဲတမ်း စိန်ခေါ်နိုင်လို့ အမြဲတမ်း တွန်းအားရှိပါတယ်။
ဖလားစိန်ခေါ်နိုင်ဖို့ဆိုရင် ရာသီစတည်းက ရလဒ်တွေ ယူနိုင်ဖို့ လိုအပ်ပါတယ်။ ၂ ပတ် ၃ ပတ်လောက် ရလဒ်မကောင်းရင် ချက်ခြင်း ပြန်ပြီး တုန့်ပြန်နိုင်ဖို့ လိုပါတယ်။ အဲ့လို မဟုတ်ခဲ့ရင်တော့ လက်ရှိ အသင်းလို ပြိုဆင်းသွားတာမျိုး မြင်ရမှာပါ။
ဒီရာသီမှာ ရာသီစတည်းက ကြံ့ခိုင်မှု ပြဿနာ၊ ကြားကာလ ကမ္ဘာ့ဖလား ပွဲတွေကြောင့် အသင်းရဲ့ ယိုယွင်းတဲ့ စတင်လာမှုဟာ စိတ်ဓါတ်ပိုင်း ကျဆင်းစေခဲ့ပါတယ်။ ကမ္ဘာ့ဖလား အပြီးနဲ့ ဒီနှစ်စတွေမှာ နားချိန်တွေ ရပေမယ့် စိတ်ဓါတ်ပိုင်း ပြန်တည်ဆောက်နိုင်ခြင်း မရှိတာကတော့ ဝေဖန်စရာ ဖြစ်ပါလိမ့်မယ်။
နောက်ထပ် တစ်ကိုယ်ရည် ခံစားမှုအရတော့ အာဆင်နယ်ပွဲမှာ ထရန့်နဲ့ ရှာကာ ဖြစ်ရပ်ဟာ လီဗာပူးရဲ့ စိတ်ဓါတ်ပိုင်းကို ပြောင်းလဲစေခဲ့ပေမယ့် လက်ကျန် ပွဲတိုင်းမှာ ဒီလို ပေါက်ကွဲနေမယ် မထင်ပါဘူး။ အသင်းဟာ စိတ်ဓါတ် တက်ရင်တောင် တစ်ပွဲလောက်ပဲဖြစ်ပြီး ပြန်ပြန်ကျသွားလေ့ ရှိပါတယ်။
ဒီရာသီ မန်စီးတီးကို အနိုင်ရပြီးနောက် နောက်ပွဲတွေမှာ တန်းဆင်းဇုန်အသင်းကို ရှုံးတာ၊ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရပြီးနောက် တန်းဆင်းဇုန် အသင်းကို ရှုံးတာ ဒါမျိုးတွေ မကြာခဏ မြင်ထားရပါတယ်။
ချယ်ဆီးနဲ့ အာဆင်နယ်ပွဲ ရလဒ်တွေဟာ လက်ကျန် ၉ ပွဲအပေါ် သက်ရောက်မှု ကြီးမားပါစေလို့ မျှော်လင့်ပြီး တကယ်တမ်း စောင့်ဆိုင်းကြရမှာက ဒီနွေမှာ အသင်းက ဘယ်လို ပြုပြင်မှုတွေ ပြုလုပ်မလဲ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။
ကလော့ပ်ရဲ့ လီဗာပူး တခေတ်က အဆုံးသတ်ပြီလား ထပ်မံ ပေါ်ထွက်လာမလားက ဒီနွေစျေးကွက်အပေါ် မူတည်နေပါလိမ့်မယ်။