ဗန်ဒိုက်ကို စိန်ခေါ်ခြင်းနဲ့အတူ လီဗာပူးပရိသတ်တွေကို ကတိတစ်ခု ပေးလိုက်တဲ့ ချိန်ဘာလိန်

မနေ့က လီဗာပူးပရိသတ်တွေ နှုတ်ဆက်ခဲ့တဲ့ စီနီယာ ၄ ဦးထဲက တစ်ဦးဖြစ်တဲ့ ချိန်ဘာလိန်ကတော့ အသင်းကို အမြဲတမ်း သတိရနေမှာပါလို့ ထုတ်ပြောခဲ့ပါတယ်။

လာမယ့်ရာသီ ချိန်ဘာလိန် ဘယ်အသင်းကို ရောက်မယ်ဆိုတာ မသိရသေးပေမယ့်လို့ သူက ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ များပါတယ်။ ဒါကြောင့် လီဗာပူးရဲ့ ပြိုင်ဘက် အသင်းတစ်သင်းအတွက် ကိုယ်စားပြုတာ ဖြစ်လာဖို့ ရှိနေပါတယ်။

အနာဂတ်မှာ ပြိုင်ဘက်တွေအဖြစ် ပြန်တွေ့ကြရင် ဘယ်လို အခြေအနေဖြစ်ဖြစ် အောင်ပွဲမခံဘူးလို့ ချိန်ဘာလိန်က ကတိပေးခဲ့တယ်။ ဒါပေမယ့်လို့ တိုက်စစ်သမားတွေ ကျော်ဖြတ်ရခက်တဲ့ ဗန်ဒိုက်ကိုတော့ ရအောင် ကျော်ဖြတ် ဂိုးသွင်းဖို့ ကြိုးစားမယ်လို့လည်း ချိန်ဘာလိန်က စနောက်ခဲ့ပါတယ်။

” ကျနော် ကစားခဲ့ဖူးသမျှ လီဗာပူးပရိသတ်တွေက ကမ္ဘာ့အကောင်းဆုံး ပရိသတ်တွေပါ။ ကျနော် မြင်ဖူးသမျှထဲမှာ သူတို့က အိမ်ကွင်းကော၊ အဝေးကွင်းပါ ဘယ်လိုအခြေအနေမျိုးမဆို အားပေးမှုတွေ လုပ်ပေးကြသူတွေပါ။ အဲ့တာက သိပ်ကောင်းပါတယ်။

ကျနော်တို့ အောင်မြင်ပြီး အရမ်းကို စိတ်လှုပ်ရှားရတဲ့ အချိန်တွေအတွင်း ကျနော် လီဗာပူးမှာ ရှိနေရတာက ကံကောင်းပါတယ်။ ဒီအသင်းရဲ့ အားပေးမှုလိုမျိုး ကျနော် ဘယ်မှာမှ မရဖူးသလို ထပ်ပြီး ရတော့မှာ မဟုတ်တာ သေချာပါတယ်။

လီဗာပူးအတွက် ကစားပေးရတာကို သိပ်ဂုဏ်ယူပြီး ကျနော် မေ့တော့မှာ မဟုတ်ပါဘူး။ အနာဂတ်မှာ ဘာဖြစ်လာမယ် မသိသေးပါဘူး။ ဒီနွေမှာတော့ သူ့ကို (သားလေးကို ရည်ရွယ်) ထိန်းရင်း ကျော်ဖြတ်ရမှာပါ။ ဘာဖြစ်လာမယ် ကြည့်ကြတာပေါ့။

ဖြစ်နိုင်တာကတော့ ပြိုင်ဘက်အသင်း ကစားသမားအဖြစ် အန်ဖီးကို ကျနော် ပြန်ရောက်လာဖို့ ဖြစ်နိုင်ပါတယ်။ လီဗာပူးပရိသတ်တွေကိုလည်း ပြန်ပြီး ရင်ဆို်င်ရမှာပါ။ အတိတ်ကလည်း ရင်ဆိုင်ရဖူးပါတယ်။

ကျနော် အစွမ်းကုန် ကြိုးစားမယ် ဂိုးသွင်းနိုင်အောင်လုပ်မယ်။ ကတိ တစ်ခု ပေးနိုင်တာကတော့ ဂိုးသွင်းခဲ့ရင်တောင် အောင်ပွဲမခံပါဘူး။ ကိစ္စတိုင်းအတွက် ကျနော် လေးစားမှု ထားသွားမှာပါ။ ဒါပေမယ့် ဗာဂျယ်ကိုလည်း ပြောထားပါတယ်။ သူ့ကို ကျော်ဖြတ်ပြမှာပါ ” လို့ ချိန်ဘာလိန်က ပြောဆိုသွားတာ ဖြစ်ပါတယ်။