

ရာသီကုန်ရင် လီဗာပူးအသင်းနဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပေမယ့် အခုထိ သက်တမ်းတိုး စာချုပ် မချုပ်ရသေးတဲ့ ထရန့် အလက်ဇန်းဒါး အာနိုးကို အသင်းမှာ ဆက် မရှိစေချင်တဲ့ သူ တစ်ယောက်တော့ ရှိနေပြီ လို့ မနေ့ညက စပါးနဲ့ ပွဲအပြီးမှာ ဂျင်မီ ကာရေဂါက တင်စား ပြောဆိုခဲ့ပါတယ်။
” လီဗာပူးမှာ ထရန့် အလက်ဇန်းဒါး အာနိုးကို စာချုပ်သစ် သက်တမ်း မတိုးစေချင်တဲ့ သူ တစ်ဦးကတော့ ရှိနှင့်နေပါပြီ။ သူကတော့ ကော်နာ ဘရက်ဒလေပဲ။
ထရန့်သာ အသင်းပြောင်းသွားရင် သူက လီဗာပူးရဲ့ ညာနောက်ခံလူ ဖြစ်လာပြီပဲ။ လီဗာပူးအသင်း အနေနဲ့လည်း ငွေ အများကြီး သုံးပြီး ညာစွန် နောက်ခံလူ ထွက်ဝယ်စရာ လိုတယ်လို့ မထင်ဘူး။
ဒီကောင်လေးက တကယ့် ကောင်လေး.. သူ ဝင်ဖြည့် ကစားချိန်မှာကို ဒီလောက်ကြီး ကောင်းနေတာ။ သူ့ လယ်ဗယ်လောက်ထိ ကောင်းတဲ့ ညာနောက်ခံလူက ပရီးမီးယားလိဂ်မှာကို များများစားစား မရှိဘူး။ ” လို့ ကာရေဂါက ပြောဆို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
ညာခြမ်းခံစစ်ကို အကျစ်လစ်ဆုံး ကစားခဲ့တဲ့ ဘရတ်ဒလေဟာ တိုက်စစ်ကိုလည်း အကောင်းဆုံး ပံ့ပိုးပေးခဲ့ပါတယ်။ ဒါဝင် ပိတ်သွင်းချက် တစ်ခုအတွက် ဧရိယာအတွင်း ဘောလုံးကိုင်ပြခဲ့သလို ဆိုဘို အဆုံးသတ်ချက်ဟာလည်း သူ့ရဲ့ ထူးချွန်တဲ့ ပြေးလွှားမှုက ဖြစ်ပေါ်လာခဲ့တာပါ။
ကာရေဂါ အပြင် လီဗာပူး ကွင်းလယ်ဟောင်း၊ စကိုင်းစပေါ့ အစီအစဉ် တင်ဆက်သူ ဂျင်မီ ရက်နက်ကလည်း ကော်နာ ဘရက်ဒလေ ရဲ့ အစွမ်းကိုလည်း မယုံနိုင် ဖြစ်နေပြီး အခုလို ချီးကျူးစကား ဆိုပါတယ်။
လီဗာပူး အသင်းခေါင်းဆောင်ဟောင်းက ” ဘောလုံးအကြောင်း နားလည်တဲ့သူတိုင်း ကော်နာ ဘရက်ဒလေက တကယ့် ပါရမီရှင် ဆိုတာ သိမှာပါ။
သူက အကြောက်အရွံ့ ကင်းတယ်။ ကမ္ဘာကြီးကို သူ့ခြေဖျားပေါ် တင်ထားသလိုပဲ။ သူ ကစားပုံကို ကျွန်တော်တော့ အရမ်း ကြွေတာပဲ။ ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။