ဘဝတစ်လျှောက်မှာ မြင်ခွင့်ရနိုင်မယ့် တိုက်စစ်သမား အားလုံးကို မြင်ခဲ့ကြပြီဖြစ်တဲ့ လီဗာပူးပရိသတ်များ

လီဗာပူးအသင်းဟာ ကုန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်အတွင်းမှာ အနိမ့်အမြင့် အတက်အကျ အများကြီး ရှိခဲ့ပေမယ့် ထူးခြားမှုတစ်ခုကတော့ တိုက်စစ်မှူးကောင်း ပေါ်ထွန်းလေ့ရှိပါတယ်။

လီဗာပူးအသင်းမှာ ပေါ်ထွန်းလာတဲ့ တိုက်စစ်မှူးတွေဟာ သာမာန်လောက် မဟုတ်ဘဲ ပရီးမီးယားလိဂ်ကို ကိုင်လှုပ်နိုင်တဲ့ ကစားသမားမျိုးတွေဖြစ်ခဲ့ကြတာပါ။ အသင်း ပိုင်ဆိုင်ခဲ့တဲ့ မတူညီတဲ့ တိုက်စစ်သမား​တွေဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဖောင်လာ၊ အိုဝင်

လီဗာပူးအကယ်ဒမီကနေ ပေါ်ထွက်လာကြသူတွေဖြစ်ပြီး ဂိုးသွင်းနှုန်း မြင့်မားခဲ့ကြသူတွေပါ။ ဖော်လာရဲ့ ဟက်ထရစ်သွင်းဂိုးအတွက် အချိန်အတိုဆုံး စံချိန်ကို ချိုးဖျက်ဖို့ဟာ ဆယ်စုနှစ်တောင် ကြာမြင့်ခဲ့တယ်။

ဆယ်ကျော်သက်အရွယ်မှာတင် မိုက်ကယ် အိုဝင်ရဲ့ ထွန်းတောက်မှုဟာဆိုရင် အင်္ဂလန်ဘောလုံးလောကကို တုန်လှုပ်စေခဲ့ကာ ရွှေရောင်မျိုးဆက်တွေထဲက တစ်ဦးအဖြစ် မှတ်ယူခံခဲ့ရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တောက်ပမှုကြောင့် ဘလွန်းဒီအောဆုပါ အောင်မြင်ပါတယ်။

တောရက်စ်

အိုဝင်ခေတ်လွန်မှာ ဒီအော့၊ ဆမိုက်ဆာ၊ ဟက်စကီးတို့ဖြင့် ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ပေမယ့် လီဗာပူးအသင်းဟာ ဖာနန်ဒို တောရက်စ်ကို ကလပ်စံချိန်တင်ကြေးပေးပြီး ခေါ်ယူခဲ့ပါတယ်။ ကွင်းတွင်း ကွင်းပြင် အနေအေးပြီး တိုက်စစ်ကစားရာမှာ ဘဲလေးကခြေသည်လို လှပသပ်ရပ်တဲ့ တောရက်စ်ဟာ သူ့ခေတ်မှာတော့ ဥရောပရဲ့ အကောင်းဆုံး နံပါတ် ၉ ဖြစ်ခဲ့တယ်။

ဆွာရက်စ်

တောရက်စ် ထွက်သွားချိန်မှာ လီဗာပူးပရိသတ်တွေ အသဲကွဲခဲ့ရပေမယ့် ဒီဝေဒနာကို ခပ်မြန်မြန် ကုစားနိုင်ခဲ့တာ ကာရိုးနဲ့အတူ ရောက်လာတဲ့ ဆွာရက်စ်ကြောင့်ပါပဲ။ နိုင်ဖို့အတွက်ဆို ဘာမဆိုလုပ်တယ်။ သူ့အတွက်နဲ့ လီဗာပူးပရိသတ်တွေ တလောကလုံးနဲ့ ရန်ဖြစ်ရတယ်။ ငရုပ်သီးလို ပူစပ်ပူလောင် တိုက်စစ်မှူးပါပဲ။

ဘိုရိုနီ၊ လမ်ဘတ်၊ ဘာလော့တယ်လီ၊ ဘန်တီကီ

လီဗာပူးဘောလုံးအသင်းဟာ ဆွာရက်စ် နောက်ပိုင်းမှာတော့ တိုက်စစ်ကြောင်းက သွင်းဂိုး ၁ ဂိုးရဖို့ ပွဲ ၅၀ လောက်စောင့်ရတဲ့ ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ရပါတယ်။

ဖာမင်နို

ယာဂင်ကလော့ပ် လက်ထက်မှာတောက်ပလာခဲ့ပြီး သူ့ခေတ်ရဲ့ အကောင်းဆုံး False 9 သမားအဖြစ် စံနမူနာထားခြင်း ခံရသူဖြစ်တယ်။ စကေးအရမ်းကောင်းပြီး တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးပါတယ်။ ပြိုင်ဘက်ပရိသတ်တွေကတောင် ဖာမင်နိုကို လေးစားရတဲ့ထိ စိတ်ဓါတ်ပိုင်းနဲ့ ကစားမှုပိုင်း သန့်ရှင်း ဖြူစင်ခဲ့သူဖြစ်ပါတယ်။

အိုရီဂီ၊ ဂျိုတာ

လီဗာပူးတိုက်စစ်မှူးတွေထဲမှာတော့ စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း ဆိုသူတွေပါ။ အိုရီဂီဟာ သူ့ရဲ့ လေးလံမှု၊ ပျင်းရိမှုတွေကြောင့် ပုံမှန်ပွဲကစားခွင့် ဘယ်တော့မှ မရပေမယ့် ဂိုးလာဘ်ကောင်းပြီး အဆုံးသတ်ပိုင်း မြင့်မားမှုကြောင့် လူစားဝင်ကစားပြီး အများကြီး အကျိုးပြုခဲ့တယ်။

ဂျိုတာဟာလည်း အဆုံးသတ်ပိုင်းမှာ သူ့ထက်ကောင်းတဲ့ တိုက်စစ်မှူး မရှိလောက်အောင် ပိုင်နိုင်သေချာပေမယ့် တစ်ရာသီလုံး သုံးနိုင်ဖို့ ဘယ်တုန်းကမှ စိတ်ချလို့မရဘဲ မကြာခဏ ဒဏ်ရာရလေ့ရှိသူဖြစ်ပါတယ်။

နူးညက်စ်

အရိုင်းဆန်တယ်၊ ကမူးရှုးထိုး ကစားတတ်ပြီး အခွင့်အရေးတွေ ဖြုန်းတီးလွန်းလို့ ဒေါသထွက်ခံရလေ့ရှိတယ်။ ဂိုးပေါက်တွေလွဲခြင်းဟာ သူ့ရဲ့ အမှတ်လက္ခဏာဖြစ်လာသလို ကွင်းထဲမှာ တရစပ် ပေါက်ကွဲကစားတတ်ခြင်းကြောင့်လည်း လူချစ်များပါတယ်။

မတူညီတဲ့ တိုက်စစ်မှူးပေါင်း များစွာကို အားပေးခဲ့ကြဖူးတဲ့ လီဗာပူးပရိသတ်တွေဟာ ဒီနွေမှာတော့ နောက်ထပ် တိုက်စစ်မှူးသစ် တစ်ဦးဦးကို အားပေးရမယ်လို့ အသံထွက်နေပြီး ဖြစ်ပါတယ်။