ဒီယက်ဇ်၊ ဒါဝင်၊ ဂျိုတာ ရောင်းပြီး လီဗာပူးအသင်း တိုက်စစ် မြေလှန်မယ်လို့ သတင်းထွက်

၂၀၂၃ နွေမှာတုန်းက လီဗာပူးအသင်း ကွင်းလယ်ကြောကို အသစ် ပြန်ဖွဲ့စည်းခဲ့သလို တူညီတဲ့ မြေလှန်မှုမျိုး လာမယ့်နွေမှာ ဖြစ်ပေါ်လိမ့်မယ်လို့ အသံထွက်လာပါတယ်။

မိုက်ကယ်အတ်ဝပ်၊ ဂျူလီယန်ဝတ်တို့နဲ့အတူ လီဗာပူးကို ရောက်လာတဲ့ အားကစားဒါရိုက်တာသစ် ရစ်ချက်ဟုချ်ဟာ သူ့အစွမ်းအစကို ပြသလိုနေပေမယ့် အာနယ် ဆလော့ကို ရှာဖွေနိုင်ခဲ့တာကလွဲလို့ အခုချိန်ထိ အခြားသော သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို ဦးဆောင်လာနိုင်ခြင်း မရှိသေးပါဘူး။

ဆာလာ၊ ထရန့်၊ ဗန်ဒိုက်တို့လို အဓိက ကစားသမား ၃ ဦးအပြင် ဒီယက်ဇ်၊ အီဘူးတို့ရဲ့ စာချုပ်ကိစ္စတွေကိုလည်း ပြေလည်အောင် ဖြေရှင်းပေးလာနိုင်တာမျိုး မတွေ့ရသေးချိန် ၂၀၂၅ နွေစျေးကွက်မှာ လီဗာပူးအသင်းဟာ ကြီးမားတဲ့ စျေးကွက် လှုပ်ရှားမှုကို လုပ်တော့မယ်လို့ အပြောင်းအရွှေ့ သတင်းထောက်တွေ ဆက်တိုက် ဖော်ပြလာနေပါတယ်။

ဥရောပကို ကင်းထောက်ကွန်ယက် လွှမ်းခြုံနိုင်ရေးဟာ ရစ်ချက်ဟုချ် ကြိုးစားနေတဲ့ ကိစ္စကြီးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ကစားသမား ရောင်းချမှုကိုလည်း အရေးကြီး ကိစ္စအဖြစ် ရှုမြင်ပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်ရေး အသင်းကို ကူညီပေးနိုင်မယ့် အရည်အသွေးမြင့် ကစားသမားတွေကို အားဖြည့်လိုပါတယ်။

ဒီနွေမှာ ဘယ်အစွန်လူသစ် ခေါ်ယူလိုရင် ရော်ဘတ်ဆန်၊ ကိုစတက်တို့ထဲက တစ်ဦးကို ရှင်းထုတ်ဖို့ လိုသလို မာမာဒီရှီဗီလီ ရောက်လာတော့မှာမို့ ဂိုးသမားပိုင်းမှာ အယ်လီဆန် ဒါမှမဟုတ် ကလယ်ဟာတို့ထဲက တစ်ဦးကို ရောင်းချနိုင်ရေး ကြိုးစားရမှာပါ။ အဲ့အပြင် ၆ ဦးထိရှိနေတဲ့ တိုက်စစ်ပိုင်းကိုလည်း ပြန်လည် စုဖွဲ့လိုနေပါတယ်။

ဒါဝင်အတွက် ပေါင် သန်း ၇၀ တဝိုက်ရရင် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်တယ်။ ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရတဲ့ ဂျိုတာနဲ့ ဘယ်ခြမ်း တိုက်စစ်သမား ဒီယက်ဇ်ကိုပါ အရောင်းစာရင်း တင်သွားလိုနေတယ်။ ဒီယက်ဇ်ဟာ ရာသီအစ ၅ ပွဲမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၃ ဂိုးပဲ သွင်းနိုင်တဲ့ထိ ဂိုးသွင်းနှုန်း ကျဆင်းလာနေပါတယ်။

လီဗာပူးအသင်းဟာ နယူးကာဆယ်မှ အီဆက်၊ လိုက်ဇစ်မှ ဆက်ကိုအပြင် စပို့တင်းမှ ခရိုးကီးယက်စ်တို့လို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးမျိုးတွေကို စောင့်ကြည့်နေပြီး သူတို့အတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၁၀၀ အထက်မှာ ရှိနေနိုင်တာကိုလည်း နားလည်ထားတယ်လို့ သိရပါတယ်။