စီနီယာတွေ ဝေဖန်ခံနေရခြင်း၊ ဆာလာ စာချုပ်ကိစ္စ လိုဗရန် ထုတ်ပြော၊ ဂိုးမက်စ်၊ ဂျုံးတို့ရဲ့ ဒဏ်ရာ အခြေအနေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပလိုင်းမောက်ကို ရှုံးပြီး အက်ဖ်အေပြိုင်ပွဲကနေ ထွက်ခွာရခြင်းကို နာကျင်ရတယ်လို့ နည်းပြအာနယ် ဆလော့က ပြောပါတယ်။ ပွဲထွက်ကစားသမားတွေ အားထုတ်ခဲ့ကြခြင်း မရှိဘူးလို့ အပြစ်တင်ဖို့တော့ ငြင်းဆန်ပါတယ်။

အက်ဖ်အေဖလားမှာ ပွဲအစမှာတင် ဒဏ်ရာကြောင့် ပြန်ထွက်သွားရတဲ့ ဂိုးမက်စ်ဟာ တံကောက်ကြော ဒဏ်ရာရခဲ့ခြင်း မဟုတ်ပါဘူး။

ကွင်းလယ်လူ ကာတစ်ဂျုံးဟာ လူစားဝင်ဖို့ စီစဉ်ထားခဲ့ပေမယ့် သွေးပူလေ့ကျင့်ရေးအတွင်း အဆင်မပြေမှု ခံစားခဲ့ရလို့ ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။

တိုက်စစ်မှူး ဂျိုတာဟာ အက်ဖ်အေပွဲမှာ ဘောလုံးဆုံးရှုံးမှု ၁၆ ကြိမ် ရှိခဲ့သလို ဂိုးပေါက် ခြိမ်းခြောက်မှု ၁ ကြိမ်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ခီယေဆာကလည်း ဘောလုံး ဆုံးရှုံးမှု ၂၉ ကြိမ် ရှိခဲ့ပါတယ်။

၂၀၂၅ မှာ သွင်းဂိုးမရသေးတဲ့ ဒီယက်ဇ်ဟာ ဂျိုတာ၊ ဒါဝင်တို့နဲ့အတူ ဒီနွေမှာ ရောင်းထုတ်ခံရမယ်လို့ သတင်းတွေထွက်နေပါတယ်။

ခံစစ်မှူးဟောင်း လိုဗရန်က ဆာလာရဲ့ အနာဂတ်အကြောင်း လူမှုကွန်ယက်မှာ မေးခွန်းထုတ်ခံရစဉ် ပါးစပ်ပိတ်ထားတဲ့ အီမိုဂျီကို သုံးသွားပါတယ်။ သူ့ရဲ့ အင်တာဗျူး တစ်ခုမှာတော့ ဆာလာလိုချင်တဲ့ စာချုပ်ကို လီဗာပူး မပေးကြောင်း ထည့်ဖြေထားတယ်လို့ သိရပါတယ်။

အက်ဖ်အေပွဲ အရှုံးပေးခဲ့ရတဲ့နောက် အဆိုပါပွဲမှာ ပွဲထွက်သွားတဲ့ ကစားသမားတွေကို ဘာကြောင့် ပွဲချိန်မိနစ် စီစဉ်ပေးသင့်လဲဆိုတာ မြင်ကြလိမ့်မယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။ ပွဲဆက်ပြတ်နေတဲ့ ဂျိုတာ၊ ခီယေဆာ၊ ဟာဗေး၊ ကွမ်းဆက်တို့ အားလုံးဟာ သာမန် ခြေစွမ်းအောက်မှာပဲ ရှိခဲ့ပါတယ်။

လီဗာပူးအသင်းသားတွေထဲမှာ ပရော်နယ်ရှင်နယ် စိတ်ဓါတ်ကို ပြသခဲ့သူက အန်ဒိုဖြစ်ပြီး သူ့မွေးနေ့မှာ နိုင်ပွဲလက်ဆောင် မရခဲ့တာအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်ပေးနေကြပါတယ်။

ပရိသတ်တွေကြား လူပြောများနေတာ နောက်ဆုံးတစ်ခေါက် လီဗာပူးအသင်း အက်ဖ်အေဖလားက ဂိုးမသွင်းနိုင်ဘဲ ထွက်ခဲ့ရတဲ့ ရာသီက ပရီးမီးယားလိဂ်ဖလား ရခဲ့ပါတယ်။ ဖလား ၄ လုံးအိပ်မက် စောစောစီးစီး ရပ်တန့်ခြင်းဟာ ဖိအားတွေ လျော့စေတယ်လို့ ယူဆနေကြတာပါ။

ကာရေဂါကတော့ အက်ဖ်အေဖလားကနေ ထွက်ရခြင်းဟာ ပရီးမီးယားလိဂ်ကို ၁၀၀% အာရုံစိုက်ခွင့်ရစေမယ်လို့ ယုံကြည်နေပါတယ်။