

ပရီးမီးယားလိဂ် အစွန်လူဟောင်း ဆက်ဂညာက ဒီရာသီ ချန်ပီယံ ဘယ်အသင်းဖြစ်မယ်ဆိုတာ ပြောဖို့ စောနေဆဲဖြစ်ပြီး လီဗာပူးကို ဖိအားပေးရေး အာဆင်နယ်က အဆင်သင့်ဖြစ်နေရမယ်လို့ သတိပေးသွားပါတယ်။
မနှစ်ကရာသီ လက်ကျန် ၁၈ ပွဲမှာ အာဆင်နယ်ဟာ ၁၆ ပွဲထိ အနိုင်ရခဲ့တာဖြစ်ကာ ချန်ပီယံဆုအတွက် ဖိအားပေးနိုင်ခဲ့ပါတယ်။ တူညီတဲ့ စွမ်းဆောင်ရည်မျိုး ဒီရာသီ ဆက်ပြနိုင်လို့ လီဗာပူး ခြေချော်ခဲ့ရင် ချန်ပီယံဖြစ်ရေးဟာ လန်ဒန်ကလပ်ဘက် ဦးတည်သွားနိုင်တယ်လို့ အာဆင်နယ်နဲ့ မန်စီးတီး ကစားသမားဟောင်းက မြင်ပါတယ်။
ဆက်ဂညာကပဲ ” လီဗာပူးနဲ့ ခပ်နီးနီးမှာ နေနိုင်နေသမျှ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ အခွင့်အရေး ရှိပါတယ်။ သူတို့ နှစ်သင်းက ချန်ပီယံဖြစ်ရေး ရာသီကုန်ထိ ယှဉ်ပြိုင်ကြရမယ်ဆိုတာ သိပါလိမ့်မယ်။
လီဗာပူးက ရမှတ်တွေ ဆုံးရှုံးဦးမှာပါ။ ခက်ခဲတဲ့ပွဲတွေ ရောက်လာတော့မှာဖြစ်သလို ပွဲစဉ် အားလုံးကို အနိုင်ရမယ် မထင်ပါဘူး။
အာဆင်နယ်အတွက် အရေးကြီးဆုံးက အခုချိန်မှာ လီဗာပူးနောက်က အရမ်းကြီး ပြတ်ကျန်မသွားဖို့ပါ။ လီဗာပူးက ပွဲကျန်တစ်ပွဲ ကစားရဖို့ရှိနေပြီး ၉ မှတ် ကွာဟသွားနိုင်ပေမယ့် အာဆင်နယ်နဲ့ အာတီတာတို့ အဲ့တာကို ထည့်သွင်းနေဖို့ မလိုပါဘူး။
လီဗာပူး ရှုံးပွဲ ၁ ပွဲ ကြုံလိုက်တာနဲ့ ချက်ခြင်း ဖိအားပေးဖို့ အာဆင်နယ်တို့ အဆင်သင့်ရှိနေရပါမယ်။ လီဗာပူးက ဇယားထိပ်ကို ဦးဆောင်နေသလို အဲ့ဒါက ထိုက်တန်ပေမယ့် ခရီးရှည်ကြီး ဆက်သွားရဦးမှာပါ ” လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အာဆင်နယ်ထက် ပိုမို ခက်ခဲတဲ့ ဒုတိယရာသီဝက်ကို ကျော်ဖြတ်ရမှာဖြစ်ကာ အသင်းကောင်းတွေ အများအပြားကို အဝေးကွင်း သွားကစားရဖို့ ကျန်ရှိနေဆဲဖြစ်ပါတယ်။