

လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း ဒါဝင် နူးညက်စ်အတွက် ကမ်းလှမ်းမှု ၂ ကြိမ်ကို လက်ခံရရှိခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဒါဝင်ကို ဆော်ဒီဘက်က အလေးအနက် စိတ်ဝင်စားနေကာ Al-Nassr အသင်းထံက တရားဝင် ကမ်းလှမ်းမှုပါ ရရှိခဲ့တာပါလို့ အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။
ဒုတိယမြောက် ကမ်းလှမ်းမှုဟာ ယူရို ၇၅ သန်းကို ကျော်လွန်ခဲ့ကာ ဆွေးနွေးမှုက တိုးတက်တဲ့အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ ဒါဝင် နူးညက်စ် အင်္ဂလန်ကနေ ထွက်ခွာလု ဖြစ်ခဲ့ပေမယ့် အကြောင်းရင်း ၂ ချက်ကြောင့် လီဗာပူးဘက်က တားမြစ်ခဲ့ပါတယ်။
ဒါဝင်အတွက် လီဗာပူး မျှော်လင့်ထားတဲ့ ပြောင်းရွှေ့ကြေးထိ ရောက်ခဲ့ပေမယ့် ဥရုဂွေး တိုက်စစ်မှူးကို ထွက်ခွင့်မပေးခဲ့တဲ့ အဓိက အကြောင်းရင်းဟာ အစားထိုးစရာ ကစားသမားကို ရှာဖွေဖို့ အချိန်မရှိခဲ့တာကြောင့်ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတာဖြစ်ကာ နည်းပြ အာနယ် ဆလော့အတွက် လူသစ် မခေါ်ပေးနိုင်ရင်တောင် လက်ရှိ စုဖွဲ့မှုကို တည်ငြိမ်အောင် ထားပေးဖို့ ကလပ်တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် ဇန်နဝါရီမှာ ၂ သင်းကြား တိုးတက်တဲ့ အနေအထားထိ ဆွေးနွေးနိုင်ခဲ့တာကြောင့် ဒါဝင် နူးညက်စ်ဟာ နွေမှာ ပရီးမီးယားလိဂ်ကနေ ဆော်ဒီထံ ပြောင်းဖို့က ဖြစ်နိုင်ချေများတဲ့ ကိစ္စ ဖြစ်လာခဲ့ပါပြီ။
စိတ်ဝင်စားစရာအဖြစ် ဒါဝင်နဲ့ ဒီယက်ဇ်တို့ အတူ ပါဝင်ထားတဲ့ ယူကျူ့အစီအစဉ် တစ်ခုမှာ ဥရုဂွေးသားက သူ ဆော်ဒီဘက်ကို ဒိုးမယ်ဆိုတဲ့ စကားတစ်ခွန်းကို ထုတ်ပြောခဲ့သေးတာ ဖြစ်ပါတယ်။