

လာမယ့်ရာသီ တိုက်စစ်ပိုင်းကို အကြီးစား ပြောင်းလဲမှု ပြုလုပ်မယ့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် တိုက်စစ်မှူး အီဆက်ကို သဘောကျလာနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် ခြေစွာနေတဲ့ အီဆက်ဟာ အဆုံးသတ်ပိုင်း ကောင်းမွန်ခြင်းနဲ့အတူ တိုက်စစ်သမားတစ်ဦးမှာ ရှိရမယ့် အရည်အချင်းကောင်းတွေ ရှိထားသူအဖြစ် နာမည်ကောင်းရနေတာပါ။
သူ့ကို ခေါ်ယူဖို့ ဥရောပကလပ် အများအပြား စိတ်ဝင်စားနေပြီး လီဗာပူးကလည်း သဘောကျလာနေခြင်းဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ အီဆက်ကြားမှာ စကားပြောမှု အချို့ ဖြစ်ပေါ်နေကြောင်း ဖော်ပြလာနေပေမယ့် နယူးကာဆယ်ဘက်ကတော့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို ခပ်လွယ်လွယ် လက်လွတ်ပေးမှာ မဟုတ်ပါဘူး။
နယူးကာဆယ်အသင်းဟာ ရာသီကုန်မှာ အီဆက်ကို စာချုပ်သစ်ကိစ္စ စကားပြောမှာဖြစ်ကာ ရေရှည်စာချုပ်မျိုး ချုပ်ဆိုလိုနေပါတယ်။ သူ့ရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၈ ခုနှစ်ထိ ရှိနေတာမို့ အလျင်စလို ရောင်းထုတ်ရမယ့် အခြေအနေမျိုး မဟုတ်သေးပါဘူး။
အီဆက် ကိုယ်တိုင်ကတော့ ပိုမြင့်မားတဲ့ အဆင့်တွေထံ တက်လှမ်းလိုစိတ် ရှိနေကာ လီဗာပူးလို အသင်းထံ ပြောင်းရဖို့ကို စိတ်ဝင်စားနေတယ်လို့ သိရတယ်။ အသက် ၂၅ နှစ်အရွယ် ဆွီဒင်သားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့တကွ ဖလားစိန်ခေါ်မှုတွေမှာ ပါဝင်လိုနေပါတယ်။
လီဗာပူးဘက်က အီဆက်ကို ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၂၀ ထက် မနည်းသုံးရနိုင်တယ်လို့ သိရပြီး ပြောင်းရွှေ့ကြေး တစိတ်တပိုင်း ကာမိစေဖို့ ဒါဝင် နူးညက်စ်ကို ဆော်ဒီလိဂ်ထံ ရောင်းထုတ်ဖွယ် ရှိနေဆဲဖြစ်ပါတယ်။