အဆင်အခြင် ကင်းမဲ့စွာ ကစားခဲ့ကြကြောင်း ဝန်ခံရင် ဝုဗ်ကစားသမား တစ်ဦးကို ချီးကျူးလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ဝုဗ်ကို အနိုင်ရပေမယ့် ပွဲကို ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရပြီး အသင်းလိုက်ကော တစ်ဦးချင်းမှာပါ အမှားတွေ လုပ်မိခဲ့ကြပါတယ်။

နိုင်ပွဲရခြင်းဟာ အမှတ်ပေးဇယား ဦးဆောင်မှုမှာ ရမှတ် ၇ မှတ်ထိ ဖြတ်ထားနိုင်စေတာကြောင့် စိတ်သက်သာရာရစေပေမယ့် အသင်းရဲ့ ကစားဟန်တွေမှာ လိုအပ်ချက်တွေ ရှိခဲ့တာကို အသင်းခေါင်းဆောင် ဗန်ဒိုက်က ဝန်ခံပါတယ်။

ဗန်ဒိုက်ကတော့ ” ပွဲချိန်ပြည့် လွှမ်းမိုးကစားနိုင်တာမျိုးကို ကျနော်တို့ နှစ်သက်ပါတယ်။ ဒါပေမယ့် ဒါက ပရီးမီးယားလိဂ်ပဲလေ။ ဝုဗ်က ကျနော်တို့ကို ဒုက္ခပေးခဲ့သလို အန္တရာယ်များမယ့် အခိုက်အတန့်တွေကိုပါ ရင်ဆိုင် ဖန်တီးသွားခဲ့ပါတယ်။ အနိုင် ၃ မှတ်ရဖို့ ကျနော်တို့ အများကြီး အားထုတ်ခဲ့ရပါတယ်။

ချူညာက အန္တရာယ်ကြီးတဲ့ ပြိုင်ဘက်တစ်ယောက်ပါ။ ဒီနေ့ပွဲမှာ ဒါကို ကျနော်တို့ သတိထားမိခဲ့တယ်။ ကျနော်တို့ ဝုဗ်ကို ထိန်းချုပ်နိုင်ရေး ကြိုးစားပေမယ့် ကံမကောင်းစွာဘဲ သူ ဂိုးသွင်းနိုင်ခဲ့တယ်။

ဒီပွဲမှာ ကျနော်တို့ကို one v one အခြေအနေတွေဖြစ်အောင် ဖန်တီးသွားနိုင်တဲ့ ဝုဗ်အသင်းကို အသိအမှတ် ပြုပါတယ်။ လိုင်းတွေထဲမှာ သူတို့ လွတ်နေတဲ့ ကစားသမားကို ရအောင်ရှာသွားနိုင်တယ်။

အကြိမ်တွေအများကြီးမှာ ကျနော်တို့တွေ ​ဂရုမစိုက်စွာ ကစားနေခဲ့သလို ကိုယ်လုပ်နိုင်ရမယ့် ဘောလုံးကို ကောင်ကောင်း ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပါဘူး ” လို့ ဝန်ခံသွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့် ၂ ပွဲအဖြစ် အက်စတွန်ဗီလာ၊ မန်စီးတီးတို့ကို အဝေးကွင်းတွေမှာ ဆက်တိုက် ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် စွမ်းဆောင်ရည် တိုးတက်လာရေး ဂရုစိုက်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။