

လီဗာပူးအသင်းဟာ ဒီနွေမှာ လူစာရင်းကို အကြီးစား ပြောင်းလဲမှု ပြုလုပ်သွားဖို့ရာ ရည်ရွယ်နေကြောင်း The Athletic သတင်းဌာနမှ နာမည်ကျော် မာဆေးဆိုဒ် သတင်းထောက် ဂျိမ်းပီယာဇ့်က ဖော်ပြလာပါတယ်။
၂၀၂၃ မှာ ကွင်းလယ်ကြောင်းကို အသစ် ဖွဲ့စည်းခဲ့သလို တူညီတဲ့ အသွင်ပြောင်းမှုမျိုး တိုက်စစ်အတွက်ပါ လုပ်တော့မယ်ဆိုတဲ့ သတင်းတွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အသံကျယ်ကျယ် ထွက်လာတာပါ။
ဒါဝင်၊ ဒီယက်ဇ်၊ ဂျိုတာတို့ ၃ ဦးကို ရှင်းထုတ်ပြီး နံပါတ် ၉ သမား အသစ် ခေါ်ယူမှာဖြစ်ကြောင်းနဲ့ နယူးကာဆယ်မှ အီဆက် အပါအဝင် ရွေးချယ်စရာတွေကို ရှာဖွေနေပြီလို့ သိလာခဲ့ရတာပါ။
အဆိုပါ သတင်းဟာ မှန်ကန် ခိုင်မာမှုရှိလာနေပြီး နောက်ရာသီမှာ လီဗာပူးအသင်းရဲ့ အထောင် တိုက်စစ်မှူးနေရာ အပြောင်းအလဲ မဖြစ်ရင် အံ့ဩရပါမယ်လို့ ပီယာဇ့်က ပြောပါတယ်။
ဘရန့်ဖိုဒ့်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ အဝေးကွင်းပွဲမှာ ဒါဝင် နူးညက်စ်က နောက်ဆုံးမိနစ်တွေအတွင်း သွင်းဂိုးတွေ ရယူပေးခဲ့ပေမယ့် အဲ့ပွဲအပြီးမှာ သူဟာ အသင်းရဲ့ ဦးစားပေး နေရာကို ဆက်လက် လွဲချော်နေခဲ့ပါတယ်။ နည်းပြ အာနယ် ဆလော့ဟာ ဒီယက်ဇ်နဲ့ ဂျိုတာတို့ကိုပဲ အဓိက ပွဲထွက်နေရာ အသုံးပြုနေတာပါ။
ဆော်ဒီနဲ့ အပြောင်းအရွှေ့ သတင်းထောက်တွေရဲ့ အဆိုအရ ဇန်နဝါရီတုန်းက ဒါဝင်အတွက် ယူရို ၇၅ သန်း ဝန်းကျင် ကမ်းလှမ်းခံခဲ့ရပြီး အစားထိုးစရာ တိုက်စစ်သမား မရနိုင်တာကြောင့် လီဗာပူးဘက်က ပယ်ချခဲ့တာလို့ ဆိုပါတယ်။
ဒီနွေမှာ ဒါဝင်အတွက် ကမ်းလှမ်းမှု ပြန်ရလာဖွယ် ရှိနေသလို ဒဏ်ရာပြဿနာ များတဲ့ ဂျိုတာကိုလည်း အသင်းဘက်က ရောင်းချသွားဖို့ စဉ်းစားနေပါတယ်။ ဒါဝင်နဲ့ ဂျိုတာ နှစ်ဦးကို ရောင်းချခဲ့ပါက ထိပ်တန်း တိုက်စစ်မှူးသစ်ကို ပြန်လည် ခေါ်ယူဖို့ လိုအပ်ပါမယ်။
ဒီယက်ဇ်ကို ရောင်းချဖို့လည်း လီဗာပူးဘက်က တွန့်ဆုတ်နေခြင်း မရှိဘူးလို့ သိထားရပြီး ရာသီကုန် မတိုင်ခင် ကလပ်ရဲ့ ဦးစားပေးကတော့ ဆာလာရဲ့ စာချုပ်ကိစ္စ ဖြေရှင်းရေးပဲ ဖြစ်နေဆဲပါပဲ။