ဒီတောင်ကို ကျော်နိုင်ရင် လီဗာပူး ပွဲပြန်ချောင်ပြီလို့ သတိပေးလိုက်တဲ့ ဒန်နီ မာဖီ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၁ ပွဲ ပိုကစားပြီး အမှတ်ပေးလိဂ်ကို ၈ မှတ်ဖြတ်ထားကာ လက်ကျန်ပွဲကို အာဆင်နယ်တို့ အနိုင်ရမယ်ဆိုရင် ၅ မှတ်ကွာကို ရောက်ရှိလာပါမယ်။

ဒါ့အပြင် ဒီအပတ် အီသီဟတ်မှာ မန်စီးတီးကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေသေးတာကြောင့် ဖလားပြိုင်ဆိုင်မှုက ပိုမိုလမ်းပွင့်လာမယ်လို့ ယူဆသူတွေ ရှိနေပါတယ်။

လီဗာပူးကစားသမားဟောင်း ဒန်နီ မာဖီကတော့ ဒီအပတ်ပြီးရင် အာနယ် ဆလော့ရဲ့ အသင်းဟာ အာတီတာရဲ့ အာဆင်နယ်ထက် ပိုမို လွယ်ကူတဲ့ ပွဲစဉ်တွေကို ကျော်ဖြတ်ရနိုင်တယ်လို့ မြင်ပါတယ်။

ဒန်နီမာဖီကတော့ ‘ ပွဲစဉ်ဇယားကို ကြည့်မယ်ဆိုရင် နောက်ထပ် ၆ ပွဲမှာ လီဗာပူးက အိမ်ကွင်းပွဲ ၄ ပွဲထိ ရှိပါတယ်။ အန်ဖီးက တကယ့်ခံတပ်ကြီးပါ။

အာဆင်နယ်ကတော့ အိမ်ကွင်း ၃ ပွဲနဲ့ အဝေးကွင်း ၃ ပွဲဖြစ်ပါတယ်။ အဲ့ထဲမှာ ဖောရက်စ်နဲ့ ယူနိုက်တက်တို့ကို အဝေးကွင်း သွားကစားရမှာတွေ ရှိနေတယ်။

ဒီတလောမှာ ယူနိုက်တက်ကို ယှဉ်ပြိုင်ကစားရတာဟာ ကလပ်တွေအတွက် သိပ်လွယ်ကူပေမယ့် ယူနိုက်တက်ဟာ အသင်းကြီးတွေကို ရင်ဆိုင်ရာမှာ ရလဒ် ပိုကောင်းပါတယ်။ အာဆင်နယ်ကို အက်ဖ်အေကနေလည်း ဖြုတ်ချထားတာပါ။

ဒီအပတ်မှာ လီဗာပူးက မန်စီးတီးကို သွားရောက် ရင်ဆိုင်ရမှာဖြစ်ပေမယ့် အဲ့ပွဲအပြီး ပွဲစဉ်ဇယားမှာတော့ အာဆင်နယ်ထက် ပိုပြီး လွယ်ကူနေပါတယ် ’လို့ သူ့အမြင်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မန်စီးတီး၊ နယူးကာဆယ်ပွဲတွေကို အကောင်းဆုံး ရင်ဆိုင် ကျော်ဖြတ်နိုင်မယ်ဆိုရင် လက်ကျန် ၁၀ ပွဲမှာ ဖိအား အတော်လေး လျော့ပါးသွားဖွယ် ရှိတာဖြစ်ပါတယ်။