အာဆင်နယ် ရလဒ်ကို အာရုံမစိုက်ဖို့ သတိပေး၊ လက်မြောက်လိုက်ပါပြီဆိုတဲ့ ပေါမာဆန်၊ ဗန်ဒိုက်ရဲ့ စာချုပ် ကိစ္စနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို အမှတ်ပေးဇယားမှာ ၈ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ကာ ဒီကနေ့ည မန်စီးတီးပွဲမှာ ရလဒ်ကောင်း ယူနိုင်ခဲ့ရင် ချန်ပီယံဖြစ်ရေး သိသိသာသာ ရေပန်းစားလာပါလိမ့်မယ်။

လီဗာပူးအသင်းဟာ လက်ကျန် ၁၂ ပွဲမှာ ၁၀ ပွဲနိုင်မယ်ဆိုရင် အာဆင်နယ်ရဲ့ ရလဒ်တွေကို ကြည့်စရာမလိုဘဲ ချန်ပီယံဖြစ်ပါမယ်။

မန်စီးတီးပွဲမှာ ဂက်ပို ပါဝင်ကစားနိုင်ဖို့ မသေချာသေးပေမယ့် ဂျိုတာနဲ့ ထရန့်တို့ကတော့ ပွဲချိန်တွေ ပိုရလာဖို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ရလဒ်ထက် မန်စီးတီးပွဲအပေါ်မှာပဲ အာရုံစိုက်ထားကြဖို့ နည်းပြအာနယ်ဆလော့က တိုက်တွန်းပါတယ်။

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့အပြီးမှာ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့ လီဗာပူးအသင်းပဲ ဖလားရသွားတော့မယ်လို့ ဂန်းနားကစားသမားဟောင်း ပေါမာဆန်က ဆိုပါတယ်။

တိုက်စစ်မှူး မိုဆာလာကတော့ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာကို အသန်မာဆုံးဖြစ်နေအောင် အမြဲတမ်း လေ့ကျင့်နေပြီး ပွဲတွေကို တည်တည်ငြိမ်ငြိမ် အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။

အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ မသိသေးပေမယ့် လမယ့် လတွေအတွင်း အဖြေပေါ်ပါလိမ့်မယ်လို့ ဗန်ဒိုက်က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာတော့ နံပါတ် ၉ တိုက်စစ်သမားနဲ့ ဗဟိုခံစစ်မှူးသစ်တို့ကို ဦးစားပေး ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ဟန်ဂေရီ လက်ရွေးစင် အသင်းခေါင်းဆောင် ဆိုဘိုစလိုင်နဲ့ ကလပ်မှာပါ တွဲကစားရရင် သိပ်ကောင်းမှာပါလို့ ဘုန်းမောက် ဘယ်အစွန်လူ ကာ့ဇ်က ဝန်ခံပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်သမား ဘိုဝင်ရဲ့ ဖခင်ဖြစ်သူဟာ လီဗာပူးအသင်းကို အားပေးတဲ့ ပရိသတ်တစ်ဦးဖြစ်ကြောင်း စတန် ကော်လီမိုးက ထုတ်ဖော်ပါတယ်။