၁၁ မှတ်ဖြတ်အပြီး ချန်ပီယံရေပန်းစားလာခြင်း၊ ဖလားအောင်မြင်လိုတဲ့ မိုဆာလာ၊ စီးတီးပွဲမှာ သွင်းခဲ့တဲ့ တည်ကန်ဘောအကြောင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

မန်စီးတီးကို အနိုင်ယူပြီး အမှတ်ပေးဖလားအား ၁၁ မှတ်ဖြတ်နိုင်ခဲ့တဲ့နောက် ရာသီစဆိုရင် အသင်း ဒီလိုစိန်ခေါ်လာမယ် ဘယ်သူကမှ မထင်ခဲ့ပါဘူးလို့ အာနယ် ဆလော့က ဆိုပါတယ်။

ရာသီစက ဘီဘီစီ သတင်းထောက် အယောက် ၂၀ ကျော်ထဲမှာ တစ်ဦးတစ်ယောက်ကမှ လီဗာပူးအသင်း ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြခြင်း မရှိပါဘူး။

မန်စီးတီးပွဲမှာ သွင်းယူခဲ့တဲ့ တည်ကန်ဘောကို စနေနေ့ လေ့ကျင့်ရေးမှာ အသင်းက စတင် လေ့ကျင့်ခဲ့တာလို့ ဆိုဘိုက ဆိုပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ တည်ကန်ဘော အညံ့ဆုံးအသင်းတွေထဲ ပါနေလို့ လေ့ကျင့်ရေးမှာ အဲ့အပိုင်းကို တိုးတက်လာရေး အားထုတ်နေရတာပါ။

ဒီရာသီကို လက်ရှိခြေစွမ်းအတိုင်း ဆက်လက် ကျော်ဖြတ်နိုင်ရင် မိုဆာလာဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး သွင်းဂိုးဆိုင်ရာ စံချိန်တွေကို ပိုင်ဆိုင်နိုင်သလို ဘလွန်းဒီအောဆုအတွက်လည်း ရေပန်းစားလာဖို့ ရှိပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံနေရာ လီဗာပူးပဲလား မေးခံရချိန်မှာ ” လီဗာပူးအသင်းဟာ အာဆင်နယ်ကို အများကြီး အမှတ်ဖြတ်ထားသလို ဒီရာသီမှာ ရှုံးချင်တိုင်း ရှုံးလို့ရတဲ့ တစ်သင်းတည်း ကလပ်ဖြစ်တယ် ” လို့ ဂွာဒီယိုလာက တုန့်ပြန်ပါတယ်။

လီဗာပူးသမိုင်းမှာ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာသူ မိုဆာလာက ပရီးမီးယားလိဂ်ဖလား အောင်မြင်လိုတာကြောင့် လက်ကျန်ပွဲတွေမှာ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ထုတ်ပြောသွားပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက “ချန်ပီယံက ပေါ်သွားပါပြီ” လို့ ထုတ်ပြောခဲ့သလို မန်စီးတီး ကစားသမားဟောင်း မီဂါရစ်ချက်ကတော့ ဒီရာသီ “လီဗာပူးအသင်းက ကောင်းကို ကောင်းလွန်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ပွဲကြီးတွေဟာ တည်ကန်ဘောကနေ ဂိုးသွင်းနိုင်ဖို့ မဟုတ်ရင်လည်း အဲ့ကတစ်ဆင့် ဂိုးမပေးရဖို့ဆိုတဲ့ ဟန်ချက်ညီမှုက အရေးအကြီးဆုံးပဲဖြစ်ကြောင်း အာနယ် ဆလော့က ပြောပါတယ်။

စီးတီးပွဲအပြီး အယ်လီဆန်က ” လီဗာပူးဂျာစီကို ဝတ်ဆင်သူတိုင်း လီဗာပူးသားတွေဟာ ဒီအသင်းကို ဘယ်လောက်တောင် ချစ်ခင်လဲဆိုတာကို သိကြပါတယ်။ ထိုနည်းတူ ကလပ်ကလည်း ဒီမြို့နဲ့ ဒီပရိသတ်တွေကို ဘယ်လောက်ချစ်သလဲဆိုတာပေါ့ ” လို့ ထုတ်ပြောပါတယ်။

X လူမှုကွန်ယက်က နာမည်ရှိ အာဆင်နယ်အကောင့်တွေကတော့ ပရီးမီးယားလိဂ်ကို လက်လျော့ပြီး ချန်ပီယံလိဂ်ကို အားစိုက်ဖို့ တိုက်တွန်းလာနေပါပြီ။