ဘောလုံးကိုင်ကစားခြင်း မရှိပါဘဲ ပွဲကို ထိန်းချုပ်ပြခဲ့တဲ့ လီဗာပူး

မန်စီးတီးပွဲမှာ အာနယ် ဆလော့ဟာ မတူညီတဲ့ နည်းလမ်းတွေနဲ့လည်း ပွဲကို နိုင်အောင် ကစားနိုင်တယ်ဆိုတာ လုပ်ပြခဲ့ပါတယ်။

ဒါကပဲ အီတီဟက်ပွဲအပြီး အာနယ် ဆလော့ရဲ့ ပွဲကို ချဉ်းကပ်မှု၊ ပြောင်းလွယ်ပြင်လွယ်နိုင်တဲ့ နည်းစနစ်ပိုင်း လမ်းညွှန်မှုတွေနဲ့ ပတ်သက်လို့ ဘောလုံးပွဲ သုံးသပ်သူတွေ အတော်များများ အထင်ကြီးသွားရတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။

နံပါတ် ၉ နေရာမှာ ဂျိုတာရဲ့ ကြံ့ခိုင်မှုက ပွဲကြီးအတွက် အခြေအနေ မပေးသလို (ဂျိုတာ ရာနှုန်းပြည့် ခံစားချက် မကောင်းနေဘူးလို့ ပွဲအပြီး ဆိုပါတယ်) ဒါဝင်ကိုလည်း ယုံကြည်လို့မရချိန်မှာ လူကြိုက်နည်းတဲ့ ကွင်းလယ် ၄ ဦး တိုက်စစ် ၂ ဦး ပေါင်းစပ်မှုကို ထပ်မံ ပွဲထုတ်လာတယ်။

ကွင်းလယ် ၄ ယောက်တန်းထိ ထုတ်သုံးပြီး ၄-၂-၄ ပုံစံ အခင်းအကျင်းကို အဓိက နေရာချခဲ့သလို ဆာလာနဲ့ ဒီယက်ဇ်တို့အတွက် နေရလွတ်တွေရအောင် မန်စီးတီး ခံစစ်ကို ဆွဲထုတ်ပြတယ်၊ ဖောက်ထွက်ပြခဲ့တယ်။

ဘောလုံးပိုင်ဆိုင်မှု အသာရထားခြင်းကို နှစ်သက်သလို အသင်းသားတွေခြေထဲမှာ ဘောလုံးရှိနေတာကို မြင်လိုပေမယ့် မရတော့လည်း မြန်မြန်ဆန်ဆန် လက်လျော့ထားစေတယ်။ မှန်ကန်တဲ့ အခိုက်အတန့်တွေ၊ အဓိကကျတဲ့ နေရာတွေ အထူးသဖြင့် ပြိုင်ဘက် ဧရိယာထိပ်တွေမှာ အသင်းသားတွေကို ဖိအားပေးမှုတွေ လုပ်စေခဲ့တယ်။

ကစားသမားတွေကြားနဲ့ လိုင်းတွေကြား အကွာအဝေးကို နီးနီးကပ်ကပ်ထားကာ ကျစ်လစ်တဲ့ စုဖွဲ့မှုနဲ့ မန်စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ချဉ်းကပ်မှုကို ရင်ဆိုင်တယ်။ လီဗာပူးရဲ့ အသင်းလိုက် ခံစစ်စွမ်းရည်၊ တိုက်စစ်စွမ်းရည်ကြောင့် စီးတီးတို့ အခွင့်အရေး ဖော်ဆောင်ရ ခက်ခဲခဲ့ပါတယ်။

ပွဲအပြီးမှာ ဘယ်သူကမှ ဒုတိယပိုင်း လီဗာပူးအသင်း ခံစစ်ပိတ်ကစားသွားတယ် မပြောကြပါဘူး။ “ ဘောလုံးကိုင်ကစားခြင်း မရှိပါဘဲ ပွဲကို ထိန်းချုပ်ပြခဲ့တယ် ” ဆိုတာက လီဗာပူးကစားဟန်နဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ ခိုင်းနှိုင်းမှုဖြစ်ခဲ့ပါတယ်။