

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ရေရှည်အတွက် ရည်ရွယ်ပြီး ဘယ်အစွန်လူနေရာကို အားဖြည့်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အာနယ် ဆလော့ လက်ထက် အသွင်ပြောင်းမှုအတွင်းမှာ လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်း အပြင် ဘယ်အစွန်လူနေရာကိုလည်း အတော်လေး စိစစ်ကင်းထောက်မှုတွေ ပြုလုပ်နေတာပါ။
လက်ရှိ လီဗာပူးအသင်း ဘယ်အစွန်နေရာမှာ လာမယ့်လအတွင်း အသက် ၃၁ နှစ်ပြည့်တော့မယ့် ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ ရှိနေပါတယ်။ လီဗာပူး ဘယ်အစွန်နေရာဟာ ထိပ်တန်းအဆင့်မှာ ရှိမနေတာ ဘောလုံးရာသီ ၂ ခုစာလောက် ရှိလာနေသလို သူတို့နှစ်ဦးဟာလည်း အသင်းမှာ ရေရှည် ဆက်ရှိနေဖို့ မဖြစ်နိုင်ပါဘူး။
The Times သတင်းကတစ်ဆင့် Paul Joyce ရဲ့ ဖော်ပြမှုမှာတော့ လီဗာပူးအသင်းဟာ ဘယ်ခြမ်းကို သေချာပေါက် အားဖြည့်ဖို့ လိုအပ်မယ်ဆိုတာ နားလည်ထားပြီး စွယ်စုံရ ခံစစ်သမားတစ်ဦးကို ခေါ်ယူလိုတယ်လို့ ဆိုပါတယ်။
လီဗာပူးဘက်ကတော့ ရွေးချယ်စရာတွေကို စောင့်ကြည့်နေရာမှာ ဘုန်းမောက်မှ မီလိုစ့်ကာဇ်နဲ့ အေဂျက်မှ ဟာတိုအပြင် အခြားသော လူငယ်ကြယ်ပွင့်တွေကို သဘောကျမှု ရှိထားပါတယ်။
မီလိုစ့်ကာဇ့်ဟာ လီဗာပူးကွင်းလယ်လူ ဆိုဘိုစလိုင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ကစားသမားဖြစ်တယ်။ ဟာတိုကလည်း ဂရာဗင်ဘက်ချ်နဲ့ ခင်မင်သူဖြစ်ကာ နယ်သာလန် ကွင်းလယ်လူရဲ့ ဖိတ်ကြားမှုနဲ့အတူ အန်ဖီးကွင်းကို အလည်ရောက်လာခဲ့ပါသေးတယ်။
၎င်းတို့နှစ်ဦးဟာ ငယ်ရွယ်ပြီး အလားအလာရှိသူတွေဖြစ်ကာ မတူညီတဲ့ ကစားဟန်တွေကို ပိုင်ဆို်င်ထားသူလို့လည်း ရှုမြင်ခံရတယ်။ ကာဇ့်ဟာ တိုက်စစ်ကို အားသန်သူဖြစ်ပြီး ဟာတိုကတော့ လိုအပ်လာရင် ခံစစ်မှူးအဖြစ် ကစားနိုင်တဲ့ ဘယ်အစွန်လူမျိုး ဖြစ်ပါတယ်။
စျေးကွက်တစ်ခုတည်းမှာ ဘယ်အစွန်လူသစ် ၂ ဦးကို ခေါ်ယူဖွယ်တော့ မရှိဘဲ ဒီနွေမှာ ဘယ်ကစားသမားကို အဓိက ချိတ်ဆက်မလဲ ဆိုတာက နည်းပြရဲ့ ဆန္ဒနဲ့ ကစားသမား ထွက်ခွာမှုအပေါ်မှာလည်း မူတည်ဦးမှာဖြစ်ပါတယ်။
လက်တလောမှာ လီဗာပူးကင်းထောက်တွေဟာ မတူညီတဲ့ ကစားဟန်ရှိသူ ကြယ်ပွင့် အများအပြားကို ဆက်လက် ကင်းထောက်နေဆဲလို့လည်း သိရပါတယ်။