

နယူးကာဆယ်ပွဲကြိုမှာ သတင်းထောက်တွေက လီဗာပူးအသင်းအတွက် သိပ်ကို ကောင်းပေးနေတဲ့ မိုဆာလာကို မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့ အကောင်းဆုံး အချိန်နဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိ ဆာလာရဲ့ လယ်ဗယ်ဟာ ဘောလုံးဂန္တဝင်ကြီး ၂ ဦးနဲ့ ယှဉ်နိုင်နေပြီလားလို့ မေးခံရချိန်မှာ အာနယ် ဆလော့က ” ကစားသမားတွေကြား နှိုင်းယှဉ်မှု လုပ်ဆောင်ဖို့က ခက်ခဲပါတယ်။ ဘယ်သူ့အတွက်မှလည်း မျှတမှာ မဟုတ်ပါဘူး။
မိုဆာလာက သူ့ရဲ့ ကိုယ်ပိုင် ကစားသမားဘဝနဲ့ သူ့ဘာသာ ထူးချွန်နေတဲ့သူပါ။ မက်ဆီ၊ ရော်နယ်ဒိုတို့က သူတို့ရဲ့ အကောင်းဆုံး အချိန်မှာ ပရီးမီးယားလိဂ်မှာ ကစားခဲ့ကြသူတွေ မဟုတ်လို့ ပိုလို့တောင် နှိုင်းယှဉ်လို့ မရပါဘူး။
ဒါက ကစားသမား နှစ်ဦးအပေါ် ဘာစိတ်ဆန္ဒနဲ့မှ ပြောတာ မဟုတ်ဘူးနော်။ တူညီတဲ့လိဂ်မှာ ကစားခဲ့ကြခြင်း မရှိတဲ့ ကစားသမားတွေကြား နှိုင်းယှဉ်မှုလုပ်ရတာ ခက်ခဲပါတယ်။
လီဗာပူးမှာ မိုဆာလာက ဘောလုံးရာသီတိုင်း သိပ်ကောင်းပြထားပြီး ဒီအခြေအနေကို သူ ခပ်ကြာကြာ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်တယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ သူ အသင်းနဲ့ စာချုပ်အရင်ချုပ်ဖို့ပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
မိုဆာလာဟာ ဘလွန်းဒီအောဆု အောင်မြင်ဖို့ ရေပန်းအစားဆုံး ဖြစ်လာနေကြောင်း သုံးသပ်ကြမှုအတွက်လည်း အသင်း ဆုဖလားအောင်မြင်မှပဲ တစ်ဦးချင်း ဆုဖလားကို မျှော်လင့်နိုင်မှာဖြစ်တယ်လို့ အာနယ် ဆလော့က ဆိုတယ်။
“ ယေဘုယျအားဖြင့် ဘလွန်းဒီအော အောင်မြင်ဖို့ဆိုရင် ဆုဖလား အောင်မြင်ဖို့ လိုပါတယ်။ အသင်းက တစ်ခုခုအောင်မြင်မယ်ဆိုရင် မိုဆာလာဟာ ဘလွန်းဒီအောဆုလို တစ်ဦးချင်းဆုတွေကို အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါလိမ့်မယ် ” လို့ လီဗာပူးနည်းပြက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။