သင်္ချာနည်းအရ ချန်ပီယံမဖြစ်သေးခြင်း၊ ချန်ပီယံလိဂ်ပွဲအတွက် ပြင်ဆင်ချိန် ၁ ပတ်အပြည့်ရခြင်း၊ ယုံကြည်မှု အားကောင်းနေပြီလို့ အသိပေးခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၂၈ ပွဲ ကစားထားပြီးချိန်မှာ ရမှတ် ၆၇ မှတ်ရထားပြီဖြစ်ကာ ဒုတိယနေရာက အာဆင်နယ်ကို ၁၃ မှတ်ထိ ဖြတ်ထားနိုင်ပါတယ်။

အဲဗာတန်၊ ဝုဗ်၊ ဗီလာပွဲတွေအတွင်း အသင်းဟာ ဖိအားတွေနဲ့ ကစားခဲ့ရပေမယ့် မန်စီးတီးနိုင်ပွဲ အပြီးမှာတော့ ယုံကြည်ချက်က အမြင့်ဆုံးကို ရောက်နေပြီဖြစ်ကြောင်း အာနယ် ဆလော့က အသိပေးပါတယ်။

ဒီပွဲအပြီး လီဗာပူးအသင်းဟာ ၁ ပတ်အပြည့် နားရက်ရခဲ့ပြီဖြစ်ကာ လာမယ့်ပွဲကတော့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ပဲ ဖြစ်ပါတယ်။

ဒီရာသီ လီဗာပူးအတွက် ကွင်းလယ်လူ ဆိုဘိုစလိုင်က အများကြီး စွမ်းဆောင်ပေးထားခဲ့ပြီး သူ့ကို များများ အသိအမှတ်ပြုပေးဖို့ နည်းပြအာနယ် ဆလော့က တိုက်တွန်းပါတယ်။

လီဗာပူးအသင်းဟာ ဆုဖလားအောင်မြင်ရေး ဆာလောင်လာနေပြီဖြစ်ကာ ဆက်လက် အားထုတ် ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

ကွင်းလယ်လူ ဆိုဘိုစလိုင်ကတော့ သင်္ချာနည်းအရဆိုရင် အသင်းက ချန်ပီယံမဖြစ်သေးတာမို့ ကြိုတင် အောင်ပွဲခံနေလို့မရဘဲ ရှေ့လာမယ့် ပီအက်စ်ဂျီပွဲကို အာရုံစိုက်ထားမယ်လို့ ပြောပါတယ်။

ထရန့်ရဲ့ စာချုပ်ကိစ္စ မသေချာသေးပေမယ့် မိုဆာလာနဲ့ ဗန်ဒိုက်ကို သက်တမ်းတိုးနိုင်မယ်လို့ လီဗာပူးဘက်က ယုံကြည်ချက်ရှိနေပါတယ်။

သတင်းအချို့မှာတော့ သူတို့ထဲက ဗန်ဒိုက်ဟာ စာချုပ်သစ် သက်တမ်းတိုးဖို့ သဘောတူညီထားပြီဖြစ်ကာ ထရန့်နဲ့ ဆာလာကိစ္စ မပြီးမြောက်ခြင်းကြောင့် ထုတ်ဖော် ကြေညာခြင်း မလုပ်တာလို့လည်း ဆိုပါတယ်။

နည်းပြအာနယ် ဆလော့ဟာ ကွင်းလယ်လူ အန်ဒိုရဲ့ ခံယူချက်နဲ့ အပြုအမှုကို သဘောကျတာကြောင့် ဒီနွေမှာ ဂျပန်လက်ရွေးစင်ကို အရောင်းစာရင်း မတင်ဘဲ ဆက်ထိန်းသွားဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ နွေမှာ ဘယ်နေရာအတွက် ဘယ်ကစားသမားကို ခေါ်ယူမယ်ဆိုတာအတွက် လေ့လာစမ်းစစ်မှုတွေကို ပြုလုပ်ထားပြီးပြီဖြစ်ပါတယ်။