ဖာမင်နိုနဲ့ ၆ လ တွဲကစားခြင်းက ရတဲ့ အကျိုးအမြတ်ကို ဂက်ပို ပြောပြလာ

တိုက်စစ်မှူး ဂက်ပိုက သူ လီဗာပူးတိုက်စစ်ရဲ့ ဦးဆောင်သူ နေရာမှာ အသားကျလာရေး ဘော်ဘီထံကနေ အများကြီး သင်ယူခဲ့ရပါတယ်လို့ ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းကို ဘယ်ခြမ်း တိုက်စစ်မှူးအဖြစ် ရောက်လာခဲ့တဲ့ ဂက်ပိုဟာ ဒီနောက်ပိုင်းမှာ အထောင်နေရာကို တာဝန်ယူပေးနေတာပါ။ သူ့ရဲ့ ကနဦး လီဗာပူးကစားသမား ဘဝမှာ ဒါဝင်နဲ့ နေရာလဲပြီး အထောင်နေရာ ပြောင်းကစားလို့ အတော်လေး ပြောစရာ ဖြစ်ခဲ့သေးတာပါ။

ဒီတလောမှာတော့ ကလော့ပ်ရဲ့ စနစ် အပြောင်းအလဲနဲ့အတူ ဂက်ပိုက ပုံမှန် ပွဲထွက်ခွင့်ရ တိုက်စစ်သမား ဖြစ်လာခဲ့ပါတယ်။ သူဒီလို အခြေခိုင်လာခြင်းဟာ နာမည်ကျော် False 9 သမားဖြစ်သူ ဘော်ဘီထံက သင်ယူရတာတွေကြောင့်လို့ ဂက်ပိုက ပြောပါတယ်။

ဂက်ပိုက ” ပထမဆုံးအနေနဲ့ အထောင်တိုက်စစ်နေရာက အံ့ဩစရာပါပဲ။ ဒါပေမယ့် ပွဲနည်းနည်း ကစားပြီးတဲ့နောက် အဲ့နေရာကနေ ကျနော် တိုးတက်လာခဲ့ပါတယ်။ ဒီနေရာမှာ အကောင်းဆုံး လုပ်နိုင်ရေး သင်ယူမှုတွေတော့ လုပ်နေရဆဲပါပဲ။

ဘော်ဘီ အသင်းမှာ ဆက်ရှိနေသေးတာက ကျနော်အတွက် ကံကောင်းပါတယ်။ သူ့ထံကနေ လေ့လာသင်ယူမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ သူက သိပ်တော်တဲ့ ကစားသမားကောင်းပါ။ တိုက်စစ်နေရာမှာ သူကစားတာက သိပ်ကို ထူးချွန်ပါတယ်။

သူ့ထံကနေ အများကြီး သင်ယူခဲ့ရတယ်။ သူ့ရဲ့ လှုပ်ရှားမှု၊ အသိအမြင်နဲ့ ကွင်းထဲက ဘယ်နေရာမှာ ကစားရတယ်၊ တိုက်စစ်ပိုင်း ထိုးဖောက်ဖို့ ခံစစ်နဲ့ ဘယ်လို ချိတ်ဆက်ရတယ် ဆိုတာတွေကို သင်ယူခဲ့ရတယ်။ သူ့ထံကနေ သင်ယူဖို့ ကြိုးစားသလို နည်းပြတွေ ပြောတာကို နားထောင်တာကနေ ကျနော် တိုးတက်လာပါတယ် ” လို့ ပြောပြခဲ့ပါတယ်။

လာမယ့်ရာသီ လီဗာပူးတိုက်စစ်မှာ ဆာလာ၊ ဂက်ပို၊ ဒါဝင်၊ ဒီယက်ဇ်နဲ့ ဂျိုတာတို့ ၅ ဦးထိ ရှိနေမှာဖြစ်ပြီး အနည်းဆုံး တိုက်စစ်မှူး ၂ ဦးကတော့ အရန်ခုံ ထိုင်နေရတော့မှာ ဖြစ်ပါတယ်။