လပ်ကီးပူးတို့ ကံကောင်းပြန်ခြင်း၊ အသင်းလိုက်မှာ သူတို့ ပိုသာတယ်လို့ ပီအက်စ်ဂျီဘက်က ဆို၊ မီလိုစ့်ကာဇ်ကို သန်း ၄၀ အထက် ပေးရဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီပွဲအတွက် မီဒီယာတွေ့ဆုံမှုကို နည်းပြအာနယ် ဆလော့နဲ့အတူ အန်ဒိုကို စေလွှတ်ခဲ့ပါတယ်။ များသောအားဖြင့် မီဒီယာတွေ့ဆုံမှု တက်ရောက်တဲ့ ကစားသမားဟာ ပွဲထွက်မှာ ပါဝင်ရလေ့ရှိပါတယ်။

ဂက်ပိုဟာ ပြင်သစ်ခရီးကို လိုက်ပါမှာဖြစ်ပြီး လေ့ကျင့်ရေးမှာ ဘောလုံးကာကွယ်ရင် နာကျင်မှု ခံစားခဲ့ရတာမို့ ပွဲကစားနိုင်မလား မသေချာသေးပါဘူး။

အိုလီဗာကို ပရီးမီးယားလိဂ်မရရင် မင်းကြောင့်လို့ ပြောခဲ့တာဟာ စိတ်ခံစားချက် ပြင်းထန်နေချိန်မို့လို့ဖြစ်တယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။ နောက်ခါများမှာ တူညီတဲ့ အပြုအမှုမျိုး လုပ်မှာ မဟုတ်ပေမယ့် အိုလီဗာကို ပြောခဲ့တဲ့အပေါ် အာနယ်ဆလော့ တစ်ယောက် နောင်တရနေတာမျိုး မရှိပါဘူး။

ပီအက်စ်ဂျီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုကို ဆုံးရှုံးခံပြီး ခံစစ်ပြင်ကာ ကောင်တာ ကစားမလား မေးခွန်းကို အာနယ် ဆလော့က ​အကောင်းဆုံး ပြင်ဆင်ကစားမယ်လို့ပဲ အဖြေပေးခဲ့ပါတယ်။

ဥရောပအကောင်းဆုံးအသင်း ဖြစ်နေတာအတွက် ဘယ်လိုခံစားရလဲ မေးခံရချိန်မှာတော့ အဲ့လို အပြောခံရဖို့ဆိုရင် ချန်ပီယံလိဂ်ဖလား ယူပြနိုင်ရမှာပါလို့ အာနယ် ဆလော့က တုန့်ပြန်ပါတယ်။

ပီအက်စ်ဂျီ ကွင်းလယ်လူ ဂျာအို နီဗက်စ်က လီဗာပူးမှာ တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိပေမယ့် အသင်းလိုက်မှာ သူတို့က ပိုကောင်းတဲ့အသင်းဖြစ်တယ်လို့ ဆိုပါတယ်။

နယူးကာဆယ်အသင်းဟာ ဂေါ်ဒန်ရဲ့ အနီကတ်ကို အယူခံဝင်မှာ မဟုတ်တာကြောင့် မာဆေးဆိုဒ်သားဟာ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ကာရာဘောင်း ဖိုင်နယ်ပွဲကို လွဲချော်ပါမယ်။

နယူးကာဆယ် အစွန်လူ လူးဝစ်ဟောဟာ ကာရာဘောင်းဖိုင်နယ်ကို လွဲချော်ဖို့ သေချာသွားခဲ့ပါပြီ။ လပ်ကီးပူးဆိုတဲ့ နာမည်က ပိုလို့ ရေပန်းစားနေပါပြီ။

ဘုန်းမောက် ဘယ်အစွန်လူ မီလိုစ့်ကာ့ဇ်အတွက် ပေါင် သန်း ၄၀ အထက် ပေးရမယ်လို့ လီဗာပူးဘက်က သိထားပါတယ်။ ဟန်ဂေရီ အစွန်လူဟာ လီဗာပူးရဲ့ ဦးစားပေး ဖြစ်လာဖွယ် ရှိနေပါတယ်။

နယူးကာဆယ်အသင်းဟာ ဒီနွေမှာ အီဆက်နဲ့ မျက်နှာခြင်းဆိုင် ဆွေးနွေးမှု ပြုလုပ်သွားမှာပါ။ ဒါပေမယ့် ဆွီဒင်သားကို ဆက်ထိန်းနိုင်မယ်ဆိုတဲ့ အာမခံချက်တော့ မရှိပါဘူး။