မကစားချင်ပေမယ့် ပီအက်စ်ဂျီပွဲမှာ လီဗာပူးအသင်း ခံစစ်ကစားခဲ့ရတဲ့ အကြောင်းရင်းအား ဗန်ဒိုက် ထုတ်ဖော်

ဗန်ဒိုက်ကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဟာ ပြီးသွားပြီ မဟုတ်သေးဘဲ ပီအက်စ်ဂျီဟာ လီဗာပူးကို နာကျင်အောင် လုပ်နိုင်နေဆဲ အသင်းဖြစ်ကြောင်း သတိပေးမှု ပြုလုပ်လာပါတယ်။

အဝေးကွင်းမှာ ပြိုင်ဘက်က ဘောလုံးပိုင်ဆိုင်မှု ၇၀% ထိ ကိုင်ထားခဲ့ပြီး ခြိမ်းခြောက်မှုမှာလည်း ၂၇ ကြိမ်ထိ ရှိခဲ့ချိန် လီဗာပူးကတော့ ၂ ကြိမ်ပဲ ခြိမ်းခြောက်ခွင့်ရခဲ့ပြီး ဂိုးရခဲ့ကာ ပထမအကျော့ကို အနိုင်ပိုင်းနိုင်ခဲ့ပါတယ်။

ဒီရာသီ ဥရောပရဲ့ အကောင်းဆုံး ၂ သင်း ထိပ်တိုက်တွေ့မှုမှာ လီဗာပူးအသင်းက ပုံမှန်အတိုင်း ဘောလုံးကိုင်နိုင်ဖို့ မကြိုးစားဘဲ ပီအက်စ်ဂျီကို ဘောလုံးပေးကိုင်ခဲ့ကာ ကောင်တာ ကစားခဲ့တာအတွက် သဘောမကျသူတွေလည်း များခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဗန်ဒိုက်ကတော့ “ ပီအက်စ်ဂျီက အချိန်အကြာကြီး ရှုံးပွဲမရှိသေးတဲ့ အသင်းကောင်းဖြစ်လို့ သူတို့ကို ရင်ဆိုင်ရာမှာ ကျနော်တို့ နာကျင်ခံစားရနိုင်တာကို ကြိုတွေးထားရပါမယ်။

ဒီရာသီ အိမ်ကွင်းမှာ ပွဲတိုင်း ဂိုးသွင်းထားနိုင်တဲ့ အသင်းတစ်သင်းကို clean sheet ရအောင် (ပီအက်စ်ဂျီတို့ အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်တာ လီဗာပူးနဲ့ပွဲပဲ ရှိထားပါတယ်) ကျနော်တို့ စီမံနိုင်ခဲ့တယ်။ ၁-၀ နဲ့ အနိုင်ရတာက ကျနော်တို့ကို အနေအထားကောင်းမှာ ရှိနေစေပါတယ်။

ဒီပွဲဟာ ကျနော်တို့ ပုံမှန် ကစားနေသလို မကစားခဲ့တာကို အားလုံးလည်း မြင်မှာပါ။ ကျနော်တို့လည်း ဒီနည်းလမ်းကြီးနဲ့ မကစားချင်ပါဘူး။ လူတိုင်းကတော့ ဘောလုံးကိုင်ပြီး ကိုယ်က ပြိုင်ဘက်ကို အသားစီး ကစားတာမျိုးပဲ လုပ်ချင်ကြတာပေါ့။

ဒါပေမယ့် ကိုယ်ရင်ဆိုင်နေရတဲ့ အသင်းဟာ သိပ်ကောင်းတဲ့ ကမ္ဘာအဆင့် အရည်အချင်းတွေ ရှိနေတဲ့ အသင်း၊ သူတို့ဟာ အခုချိန်ထိ ကမ္ဘာပေါ်က ဘယ်အသင်းကို မဆို ခက်ခဲအောင် လုပ်ထားနိုင်တဲ့ အသင်း။ ဒီလို အသင်းကို ရင်ဆိုင်ရတာက ကျနော်တို့အတွက် ခက်ခဲပါတယ်။

ကျနော်တို့ ပီအက်စ်ဂျီကို ရင်ဆိုင်ကစားဖို့ နည်းလမ်းရှာခဲ့တယ်။ ရှာလည်းတွေ့ခဲ့တယ်။ နောက်အပတ်ကျရင် ဒါကို အဆုံးသတ်နိုင်ဖို့ ဆက်ကြိုးစားရပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဒုတိယအကျော့မှာ ပီအက်စ်ဂျီက လီဗာပူးကို ဂိုးတွေ သွင်းနိုင်တာမျိုး ဖြစ်လာဖို့ ရှိနေသေးတာဖြစ်ကာ အသင်းဟာ အာရုံစူးစိုက်မှု အပြည့်ဖြင့် အားထုတ်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။