စိန့်ပွဲမှာ ၆ ဦးမြောက် လူစားလဲမှုအဖြစ် ထရန့်ကို လူစားလဲခြင်းအား တားမြစ်ဖို့ ကြိုးစားခဲ့တဲ့ မိုဆာလာ

နည်းပြအာနယ် ဆလော့ဟာ ဆောက်သမ်တန်ပွဲအတွင်း အသင်းသားတွေထံက ဒေါသဖြင့် ပေါက်ကွဲကစားမှုကို မြင်လိုတာကြောင့် ဒုတိယပိုင်း အစမှာတင် လူစားလဲမှု ၃ ခုကို ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

ခြေပဂိုးအပြင် နောက်ထပ် ဂိုးတွေ သွင်းနိုင်လို့ အသင်းက ဦးဆောင်ဂိုး ပြန်ရချိန်မှာတော့ ဂျိုတာ၊ အန်ဒိုတို့ကိုလည်း လူစားလဲကာ ကွင်းထဲ ဝင်စေခဲ့ခြင်းဖြင့် ပုံမှန် လူစားလဲမှု ၅ ခုလုံးကို ခပ်စောစောမှာတင် အကုန် အသုံးချခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အားလုံး အံ့အားသင့်ခဲ့ရတာက ပွဲပြီးခါနီးမှာ ထရန့်ကို ထုတ်ပြီး ကွမ်းဆက်ကို လူစားလဲစေခြင်းဖြစ်ပါတယ်။ ဆာလာကိုယ်တိုင်က ဒါဟာ မှားယွင်းစွာ လူစားလဲခြင်းလို့ ယူဆဟန်ရှိကာ ကွင်းလယ်ဒိုင်ကို စောဒကတွေ တက်ရင်း အသင်း အမှားမလုပ်မိအောင် ကြိုးစားပေးခဲ့ပါတယ်။

တကယ်တမ်းမှာတော့ ပုံမှန် မဟုတ်တဲ့ ဒီလူစားလဲမှုဟာ ပထမပိုင်းမှာ စိန့်ခံစစ်သမား Jan Bednarek ရဲ့ ဒဏ်ရာကြောင့်ပဲဖြစ်ပါတယ်။ Bednarek ရဲ့ ဦးခေါင်းဒဏ်ရာရချိန် သူတို့အသင်းက အစားထိုးတဲ့ လူစားလဲမှု ချက်ခြင်း လုပ်ခဲ့ရတာကြောင့် ပွဲတစ်ခုလုံးမှာ လူစားလဲမှု ၆ ကြိမ် လုပ်ခွင့်ရခဲ့ပါတယ်။

ဘောလုံးပွဲဆိုင်ရာ မျှတမှုအခြေအနေအရ ပြိုင်ဘက်က လူစားလဲမှု ၆ ကြိမ် ပြုလုပ်ခွင့်ရသလိုပဲ လီဗာပူးအသင်းကိုလည်း ၆ ကြိမ် လုပ်ခွင့်ပေးထားခဲ့တာပါ။

မိုဆာလာက အဲ့အချက်ကို သတိမပြုမိဘဲ အာနယ် ဆလော့ မရှိချိန် ပွဲကို ကွပ်ကဲနေတဲ့ လက်ထောက်နည်းပြ ဟိုင်တင်ဂါက ကွမ်းဆက်ကို လူစားဝင်စေဖို့ လုပ်စေချိန်မှာ လက် ၅ ချောင်း ထောင်ပြပြီး လိုက်လံ တားမြစ်နေခဲ့တာ ဖြစ်ပါတယ်။

မိုဆာလာဟာ ပွဲထဲမှာ ကိုယ့်အသင်း လူစားလဲမှု ဘယ်နှစ်ကြိမ် လုပ်ပြီးပြီ ဆိုတာကအစ လိုက်လံ ကြည့်ရှုထားခဲ့ကာ အသင်း ပြဿနာမတတ်စေဖို့ ကွင်းထဲကနေ တတ်နိုင်သလောက် ကြိုးစားပေးတဲ့ လုပ်ရပ်အတွက် အသင်းပရိသတ်တွေရဲ့ ချီးကျူးခံနေရတာ ဖြစ်ပါတယ်။