လီဗာပူးအသင်းရဲ့ ဂျာစီ စပွန်ဆာအသစ်ကို ပြိုင်ဘက်အသင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ခြင်း

လီဗာပူးအသင်းဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကစလို့ ဂျာစီ စပွန်ဆာအသစ်အဖြစ် adidas နဲ့ ပြန်လည် လက်တွဲသွားမှာဖြစ်ပါတယ်။ ရာသီကြိုမှာတော့ အသင်းဟာ Nike ဂျာစီကိုပဲ ဝတ်ဆင်သွားရဦးမှာပါ။

လီဗာပူးအသင်းနဲ့ adidas တို့ဟာ အတိတ်တုန်းက ၂ ကြိမ်တိုင် လက်တွဲခဲ့ဖူးပြီး အခုတစ်ကြိမ် အပါဆိုရင် ၃ ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ လီဗာပူးအသင်းဟာ ၁ နှစ်ကို ပေါင် သန်း ၆၀ တန်ကြေးရှိမယ့် စာချုပ်ကို ရရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ လီဗာပူးအသင်းဟာ Nike နဲ့ ပူးပေါင်းခဲ့ပြီး တရာသီကို အသာတင် ပေါင် သန်း ၃၀ အပြင် ဂျာစီရောင်းချရမှုရဲ့ ၂၀% ကို အကျိုးခံစားခွင့်ရခဲ့တာပါ။ ဒါကြောင့် အသင်းဟာ ၁ နှစ်ကို ပေါင် သန်း ၆၀ ဝန်းကျင် ရရှိခဲ့ပါတယ်။

ရာသီသစ်ကစပြီး လီဗာပူးနဲ့ adidas တို့ လက်တွဲမှာဖြစ်ကာ စာချုပ်သက်တမ်း ဘယ်လောက်လဲ မသိရပါဘူး။ လီဗာပူးအသင်းဟာ ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရောင်းချနိုင်စွမ်းကနေ အကျိုးအမြတ် ထပ်ရမယ့် သဘောတူညီချက်ကိုလည်း ထည့်သွင်း ချုပ်ဆိုသွားပါတယ်။

အားကစားပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အချို့ကတော့ အဆိုပါ ဆုကြေးပိုင်းမှာ လီဗာပူးအသင်းဟာ ပေါင် ၁၀ သန်းကနေ ပေါင် သန်း ၂၀ ထပ်ရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

လီဗာပူးအသင်းရဲ့ စာချုပ်ကို ပြည်တွင်း ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တရာသီကို ပေါင် သန်း ၉၀ ရနေတဲ့ ယူနိုက်တက်ရဲ့ စာချုပ်ထက်တော့ နည်းပါးဖွယ် ရှိနေပါတယ်။

မန်စီးတီးဟာ Puma ထံကနေ တရာသီကို ပေါင် ၆၅ သန်း၊ အာဆင်နယ်က adidas ထံကနေ တရာသီ ပေါင် သန်း ၆၀၊ ချယ်ဆီးက Nike ထံကနေ တရာသီကို ပေါင် သန်း ၆၀ ရရှိနေတာဖြစ်ပါတယ်။