

ဥရောပဘောလုံးရပ်ဝန်းရဲ့ အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ လီဗာပူးဘောလုံးအသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ ဘောလုံးဂရုတစ်ခုကို တည်ထောင်ဖို့ ကြိုးစားနေပါတယ်။ ဒီအကြောင်းကိုလည်း LFCThaDin ဖတ်ရှုသူတွေအတွက် ကျနော်တို့ ဖော်ပြခဲ့ပြီးပါပြီ။
၂၀၂၄ မှာ စတင် ကြားသိခဲ့ရတဲ့ ဒီပလန်အတွက် မိုက်ကယ်အတ်ဝပ်ကို ပြန်လည် ခေါ်ယူထားသလို အရေးကြီး ရာထူးတွေအတွက်လည်း အားဖြည့်မှုတွေ လုပ်ဆောင်ထားပြီးပါပြီ။ ဒီနွေမှာတုန်းက ဘော်ဒိုးကို ဝယ်ယူဖို့ ကြိုးစားသေးပေမယ့် ပြင်သစ်ကလပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အထွေးကြောင့် လက်လွတ်ခဲ့ပါတယ်။
FSG ဘက်က ဘဏ္ဍာရေး၊ နည်းစနစ်ပိုင်းနဲ့ ပထဝီဝင်ရှုထောင့်တွေကို မူတည်ပြီး ကလပ် ၂၀ ကို လေ့လာစောင့်ကြည့်နေပါတယ်။ အဲ့ထဲမှာတော့ တူးလုစ့် (ပြင်သစ်)၊ KVC Westerlo (ဘယ်ဂျီယံ)၊ Gil Vicente (ပေါ်တူဂီ) နဲ့ Dundee United (စကော့တလန်) တို့က ရေပန်းစားနေပါတယ်။
တူးလုစ့်ကို လက်ရှိ ပိုင်ဆိုင်နေတာက FSG အဖွဲ့ရဲ့ ရှယ်ယာကို ၁၀% ပိုင်ဆိုင်ထားတဲ့ RedBird Capital Partners ပဲဖြစ်ပါတယ်။ RedBird Capital Partners ဟာ ကလပ်ပေါင်း ၈၀ ကို နှစ်နှစ်တိုင်တိုင် သုတေသနလုပ်ပြီးမှ ၂၀၂၀ မှာ တူးလုစ့်ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အေစီမီလန်ကို ဝယ်ယူထားတဲ့ RedBird Capital Partners က တူးလုစ့်ကို ပြန်ရောင်းထုတ်လိုနေတယ်လို့လည်း အသံထွက်နေပါတယ်။
FSG နောက်ထပ် ဝယ်ယူတဲ့ ကလပ်ဟာ လီဗာပူးအသင်းနဲ့ ညီအမကလပ် ဖြစ်လာဖို့ရှိနေပြီး အသင်းဘက်က လူငယ်ကြယ်ပွင့် ကစားသမား အငှားချတာအပြင် ကြယ်ပွင့် မွေးမြူဖို့ရာ ကြားခံအဖြစ် သုံးလာဖို့ ရှိနေတယ်။ ဒါကြောင့်လည်း FSG ရဲ့ ဒုတိယကလပ်ဟာ ဘယ်အသင်းဖြစ်လာမလဲ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဘက်ကလည်း ပိုင်ရှင် တစ်ယောက်တည်း လက်အောက်က ကလပ် ၂ သင်းကို ဥရောပပြိုင်ပွဲမှာ ပါဝင်ခွင့်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် တစ်သင်းက ချန်ပီယံလိဂ်ဆိုရင် တစ်သင်းက ယူရိုပါလိဂ် စတဲ့ မတူညီတဲ့ ပြိုင်ပွဲမှာပဲ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။