ဒဏ်ရာရလာတဲ့ ဂရာဗင်ဘက်ချ်၊ အီဘူးရဲ့ စာချုပ်သစ် အဆင်မပြေခြင်း၊ အုပ်ချုပ်မှု ပုံစံ ပြောင်းဖို့မရှိတဲ့ FSG နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးပိုင်ရှင်တွေဟာ သူတို့ရဲ့ self-sustaining business model လို့ခေါ်တဲ့ ကိုယ်ပိုင်ရပ်တည်မှုဖြင့် ရှေ့ဆက်စေမယ့် ပုံစံကို ပြောင်းလဲသွားဖို့ မရှိသေးပါဘူး။

လီဗာပူးအသင်းဟာ ဒီနွေမှာ လူသစ်ခေါ်ယူလိုရင် ကစားသမား ထုတ်ရောင်းမှု ပြုလုပ်ရမှာဖြစ်ပါတယ်။ ပိုင်ရှင်တွေဘက်က ငွေထုတ်ပေးမှာ မဟုတ်ပါဘူး။

အသင်းမှာ ဒီလိုပဲ ပွဲကစားခွင့်တွေမရ ဖြစ်နေမယ်ဆိုရင် ခီယေဆာရဲ့ အနာဂတ်ဟာ မသေချာ မရေရာမှုတွေ ရှိလာနိုင်တယ်လို့ မာဆေးဆိုဒ် သတင်းထောက်တွေက ဆိုလာကြပါပြီ။

ထရန့်ဟာ ဧပရယ်လထဲမှာ ဘောလုံးပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။ လအစောပိုင်းတော့ မဟုတ်နိုင်သေးဘူးလို့ သိရပါတယ်။

ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ ဒဏ်ရာကြောင့် နယ်သာလန် လူစာရင်းကနေ နှုတ်ထွက်ပြီး လီဗာပူးကို ပြန်လာနေပါပြီ။

လီဗာပူးဘက်က ကိုနတေးကို စာချုပ်သစ်ပေးခဲ့တယ်လို့ သတင်းထွက်နေပြီး ကစားသမားဘက်က သက်တမ်းတိုးဖို့ သဘောတူထားခြင်း မရှိတာလို့ သတင်းထောက်အချို့က ဆိုပါတယ်။

အင်္ဂလန်အသင်း လေ့ကျင့်ရေးမှာတော့ ကာတစ်ဂျုံးဟာ အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်နဲ့ ပြန်လည် တွေ့ဆုံခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းရဲ့ စပိန်ခံစစ်မှူး Dean Huijsen ကို အတော်လေး နှစ်သက်နေပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့ ထိပ်တန်းကလပ် အများအပြားကလည်း စိတ်ဝင်စားနေပါတယ်။

ကလယ်ဟာကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ချယ်ဆီး၊ ဘုန်းမောက်တို့လည်း ပါဝင်နေပေမယ့် သိသာတဲ့ ချဉ်းကပ်မှုတွေ ရှိမလာသေးပါဘူး။

ဒါဝင်ရဲ့ ကိုယ်စားလှယ်တွေဟာ တိုက်စစ်သမားအတွက် ကလပ်သစ်ကို ရှာဖွေဖို့ ကြိုးစားမှု စတင်နေပါပြီ။ လီဗာပူးဘက်က တိုက်စစ်သမားအတွက် ယူရို သန်း ၇၀ ဝန်းကျင် စျေးရလိုနေပါတယ်။

လီဗာပူးကင်းထောက်တွေဟာ နယ်သာလန်လိဂ်က ကြယ်ပွင့်အချို့ကို စောင့်ကြည့်မှု ပြုလုပ်နေပါတယ်။

လီဗာပူးအကယ်ဒမီဟာ ဟန်ဂေရီ လူငယ် နှစ်ဦးကို ခေါ်ယူထားပြီး သူတို့ထဲမှာတော့ Erik Farkas က ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန် ယူ-၁၆ အသင်းအတွက်ပါ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။