ကွမ်းဆက်ကို ခေါ်မယ့် နယူးကာဆယ်၊ အီဆက်ကို အလေးအနက် ထားလာတဲ့ လီဗာပူး၊ ညာခြမ်းအတွက် ဘရတ်ဒလေကို ပွဲကစားခွင့် ပိုပေးဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

Big 3 ရဲ့ စာချုပ်ကိစ္စတွေ အခုချိန်ထိ မရေရာသေးချိန် လီဗာပူးရဲ့ နောက်ထပ် ဦးစားပေးတစ်ခုကတော့ အီဘူးကို သက်တမ်းတိုးနိုင်ရေး ဖြစ်ပါတယ်။

လက်ရွေးစင်အသင်းကနေ နှုတ်ထွက်လာတဲ့ ဂရာဗင်ဘက်ချ်ဟာ အဲဗာတန်ပွဲမှာ ပါဝင်ကစားပေးဖို့ အဆင်ပြေတယ်လို့ ကြားသိရပါတယ်။

နယူးကာဆယ်အသင်းဟာ ဒီနွေမှာ လီဗာပူးခံစစ်မှူး ကွမ်းဆက်ကို ကနဦး ပေါင် သန်း ၃၀ အပြင် ထပ်တိုးကြေးပါတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရေး ကြိုးစားမှာဖြစ်ပါတယ်။

လီဗာပူးဘက်က အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးအတွက် ပေါင် သန်း ၆၀ စျေးခေါ်ထားတာဖြစ်ပေမယ့် နယူးကာဆယ်ဘက်က ပုံမှန်ပွဲကစားခွင့်နဲ့အတူ ကစားသမားကို ချဉ်းကပ်ဖို့ စီစဉ်လာပါတယ်။

လီဗာပူးအသင်းဟာ Big 3 ရဲ့ အခြေအနေအပေါ် မူတည်ပြီး လူသစ် ခေါ်ယူရေးကို ပြောင်းလဲသွားမှာဖြစ်ပေမယ့် မိုဆာလာ ဆက်ရှိနေသည်ဖြစ်စေ ဆက်မရှိဘူးဖြစ်စေ နံပါတ် ၉ နေရာကို အားဖြည့်ဖို့ကို ဦးစားပေးပလန်ထဲ ထည့်ထားလိုက်ပြီဖြစ်ပါတယ်။

ဒီနွေမှာ ထရန့်အပြင် ကလယ်ဟာ၊ ကွမ်းဆက်၊ ဂိုးမက်စ်၊ ဟာဗေးတို့ရဲ့ အနာဂတ်လည်း မသေချာတဲ့နောက် လီဗာပူးအသင်းဟာ homegrown ကစားသမားပိုင်း ပြန်ဖြည့်တင်းဖို့ အားစိုက်ရဖွယ် ရှိပါတယ်။

အီဆက်အတွက် လီဗာပူးဘက်က ချဉ်းကပ်မှုဟာ အလေးအနက် ပုံစံမျိုးထံ ဦးတည်နေတာကြောင့် ဆွီဒင် တိုက်စစ်မှူးကို ထိန်းသိမ်းရေးအတွက် နယူးကာဆယ်ဘက်က ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားနိုင်မလား စောင့်ကြည့်ရပါမယ်။

ဘုန်းမောက် အစွန်လူ မီလိုစ့်ကာဇ့်ရဲ့ မိသားစုတွေဘက်က သူတို့ကစားသမားလေး လီဗာပူးထံ ပြောင်းမယ့် သတင်းကို လူမှုကွန်ယက်မှာ Like ပေးတာတွေ လုပ်လာကြပါတယ်။

လီဗာပူးအသင်းဟာ စျေးကွက်မှာ ညာအစွန်လူတွေကို လိုက်လံရှာဖွေနေပြီး လေဗာကူဆင်မှ ဖရန်းပေါင်အပြင် လူငယ်သွေးသစ်တွေကို ကင်းထောက်နေပေမယ့် ဘရတ်ဒလေကိုပဲ အဓိက ညာအစွန်လူအဖြစ် နေရာပေးဖို့လည်း စဉ်းစားနေပါတယ်။

ရီးရဲလ်မက်ဒရစ်ထံ ထရန့် ပြောင်းဖို့ နီးစပ်လာတာကြောင့် လီဗာပူးအသင်းဟာ ဗန်ဒိုက်နဲ့ မိုဆာလာတို့ နှစ်ဦးကို အသင်းမှာ ဆက်ထိန်းထားနိုင်ရေး ပိုမို အားထုတ်လာပါတယ်။