

လာမယ့်ရာသီ ချန်ပီယံလိဂ် မကစားရဖို့ သေချာသလောက် ရှိနေပေမယ့် ကလပ်ဟာ ပြင်းထန်တဲ့ ရာသီကြို တစ်ခုကို ကျော်ဖြတ်ပြီး အပြောင်းအလဲတွေအတွက် အားထုတ်မယ်လို့ ခံစစ်မှူး ဗန်ဒိုက်က ထုတ်ပြောလာပါတယ်။
ဒီရာသီ ကျရှုံးမှုနဲ့အတူ အခုဆိုရင် လူတိုင်းက လီဗာပူးကို ဝေဖန်ဖို့ အဆင်သင့် ရှိနေတော့မှာပါ။ ရာသီကြိုမှာတော့ ဝေဖန်သံတွေကို ရင်ဆိုင်ရင်း နာကျင်ရမှုတွေကို တွန်းအားအဖြစ် အသုံးချဖို့ လီဗာပူး အသင်းသားတွေ အသင့်ဖြစ်နေပါလိမ့်မယ်။
“ ချန်ပီယံလိဂ် ကစားဖို့ အခွင့်အရေးက အတော်လေးကို နည်းပါးခဲ့တယ်။ ဒါပေမယ့် အခုက ပိုပြီးတော့တောင် ခက်ခဲသွားပါပြီ။ နောက်ရာသီအတွက် ကျွန်တော် စိတ်လှုပ်ရှားနေသလို ရာသီကြိုကာလက အရေးပါလိမ့်မယ်။ ဒီခံစားချက်က ကျွန်တော်တို့ စာမျက်နှာအသစ် လှန်လိုက်တဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က ရလာခဲ့တာ ထင်ပါတယ်။
ပြုပြင်စရာတွေ အများကြီးရှိသေးပေမယ့် ကောင်းတာက ကျွန်တော်တို့ဟာ ရာသီကြိုတစ်ခုလုံး အချိန်ရှိနေတာပဲ။ ခက်ခဲတဲ့ ရာသီတစ်ခုအတွက် အဆင်သင့်ပြင်ဖို့ ရုပ်ပိုင်းဆိုင်ရာရော နည်းဗျူဟာပိုင်းပါ အများကြီး လုပ်ရမှာဖြစ်သလို ကျွန်တော် ကြားနေရတဲ့ ဝေဖန်ဆူညံသံတွေနဲ့ တော်တော်လေးကို ပြင်းထန်တဲ့ ရာသီကြိုတစ်ခု ဖြစ်မယ် ထင်ပါတယ်။
ထွက်သွားမယ့် ကစားသမားတွေရှိတယ်။ ဝင်လာမယ့် ကစားသမားတွေက ရာသီကြိုအစအတွက် အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ အပြောင်းအလဲကာလ တစ်ခုကို ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ လူတိုင်းသိပါတယ် ” လို့ ဗန်ဒိုက်က ရှင်းပြခဲ့တယ်။
လီဗာပူးဟာ ကွင်းလယ်ကို သွေးသစ်လောင်းမယ့်ကိစ္စ အပါအဝင် နွေအပြောင်းအရွှေ့အတွက် အစီအစဉ်တွေ လုပ်နေတာဖြစ်ပြီး တစ်ရာသီလောက် ယူရိုပါလိဂ်ပဲ ကစားခွင့်ရရင်တောင် အန်ဖီးကလပ်ဟာ မြင့်မားတဲ့ ရည်ရွယ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။
မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာမင်နိုတို့ ထွက်သွားခြင်းနဲ့အတူ လက်ရှိ လီဗာပူးအသင်းဟာ လူစာရင်း အားဖြည့်ရမှာတွေ ရှိနေတာပါ။ ဒါဟာ ထိပ်တန်းအဆင့်ကို တက်လှမ်းလိုတဲ့ တိုးတက်ဆဲ ကစားသမားတွေအတွက် အခွင့်အရေး ဆိုတာ နားလည်ထားကြဖို့ ဗန်ဒိုက်က သတိပေးလာခဲ့ပါတယ်။
” ကျွန်တော်သာ တိုးတက်နေဆဲ ကစားသမားဖြစ်ပြီး နောက်တဆင့်တက်ဖို့ ရွေးချယ်စရာတွေ ရှိနေချိန် လီဗာပူးက တံခါးလာခေါက်ရင် အရမ်းကို စိတ်ဝင်စားမိမှာပါ။
ချန်ပီယံလိဂ် ဝင်ခြင်း မဝင်ခြင်းက ကစားသမားသစ် ခေါ်ယူရေးအတွက် သိပ်ပြီး ပြောင်းလဲသွားစေမယ် မထင်ဘူး။ ဒါပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ကိုပဲ ကစားချင်တယ်ဆိုရင်တော့ ဒါက သူတို့ရဲ့ ရည်မှန်းချက်ပါပဲ ” လို့ ဗန်ဒိုက်က ပြောခဲ့တာ ဖြစ်ပါတယ်။