ဆောင်းပါး | ကလော့ ခေတ်လွန် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ အဓိက ပဲ့ကိုင်ရှင် (၂)ဦး

Liverpool 2.01 ဗားရှင်းလို့ နာမည်တပ်ခံရတဲ့ ကလော့ပ်ခေတ်လွန် လီဗာပူးအသင်း ပြန်စုဖွဲ့မှုမှာ အရေးကြီး ပုဂ္ဂိုလ်နှစ်ဦးရှိပြီး တစ်ဦးက အာနယ် ဆလော့ဖြစ်ကာ နောက်တစ်ဦးက အားကစားဒါရိုက်တာ ရစ်ချက်ဟုချ် ဖြစ်ပါတယ်။

စကော်တလန်သား ရစ်ချက်ဟုချ်ဟာ လီဗာပူးကို မရောက်လာခင်တည်းက နာမည်ရှိတဲ့ ဒါရိုက်တာပါ။ အားကစားပိုင်းတွေ ကိုင်တွယ်ရာမှာ သွေးအေး တည်ငြိမ်လွန်းသူအဖြစ် လူသိများသူပါ။ ဘုန်းမောက်အသင်းမှာ နည်းပြတာဝန် အဖြုတ် အထုတ်တွေကို ကိုင်တွယ်ပုံတွေကြောင့် အဲ့လို နာမည်ရခဲ့တာဖြစ်ပါတယ်။

လီဗာပူးဒါရိုက်တာဘဝ သူ့ရဲ့ ပထမဆုံးတာဝန်ဖြစ်က ကလော့ပ် နေရာ အစားထိုးရေးဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်စေပြီး လီဗာပူးပြင်ပကမ္ဘာကပါ တလေးတစား တန်ဖိုးထားရတဲ့ ယာဂင်ကလော့ပ် နေရာကို အစားထိုးရေးဟာ ပါးစပ်က ပြောနေတာထက် လက်တွေ့လုပ်ဆောင်ဖို့ရာမှာ အများကြီး ခက်ခဲပါတယ်။

ဥပမာအားဖြင့် ပရီးမီးယားလိဂ်မှာ ဆာအဲလက်စ်၊ အာဆင်ဝင်းဂါးတို့ရဲ့ နောက်ဆက်ခံသူ နေရာကို ရှာဖွေးနိုင်ရေး မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ကျရှုံးခဲ့ဖူးပါတယ်။ ရစ်ချက်ဟုချ်ရဲ့ ပထမဆုံးတာဝန်က လွယ်ကူမနေပါဘူး။

သူ့အတွက် ကံကောင်းတာက ဗြိတိန် ဘောလုံးကလပ်တွေထဲမှာ အကောင်းဆုံးသော ဒေတာအဖွဲ့တွေထဲက တစ်ခုကို တည်ဆောက်ထားနိုင်တဲ့ လီဗာပူးအသင်းဘက်က သူ့ကို အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။

ဘောလုံးကလပ်အသင်း အောင်မြင်စွာ မောင်းနှင်နိုင်ရေးအတွက် အရေးအကြီးဆုံးကတော့ သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိဖို့ပါပဲ။ ပရိသတ်တွေဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဘောလုံးကလပ် ထိန်းကျောင်းမှုတွေကို သေချာမသိတဲ့ ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း လိုက်လျောနေလို့ မရပါဘူး၊ ပရိသတ်ကျေနပ်နေဖို့ပဲ ရွေးချယ်နေလို့ မရဘူး။ ရစ်ချက်ဟုချ်ဟာ လီဗာပူးအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာကိုပဲ ဦးစားပေးဖို့ ဆုံးဖြတ်ခဲ့သူပါ။

ကလော့ပ်ခေတ်လွန်မှာ လီဗာပူးပရိသတ်တွေက အသင်းနဲ့ဆက်နွယ်တဲ့ အလွန်ဆိုအပြင် လူငယ်တွေထဲမှာ အမ်မိုရင်းတို့ကို အကြိုက်တွေ့ခဲ့ပေမယ့် သူတို့နှစ်ဦးဟာ ရစ်ချက်ဟုချ် ဦးဆောင်တဲ့အဖွဲ့ရဲ့ စံနှုန်းမှာတော့ ထိပ်တန်းက မပါဝင်ခဲ့ပါဘူး။ ထူးထူးခြားခြားအဖြစ် လီဗာပူးဒေတာအဖွဲ့ ပြုစုတဲ့ နည်းပြလောင်းလျာစာရင်းမှာ နယ်သာလန်လိဂ်က ဖီယင်နုအသင်း နည်းပြအာနယ် ဆလော့ဟာ သိပ်အမှတ်ကောင်းခဲ့ပါတယ်။

အခြေအနေတွေကို ကိုယ်တိုင် လေ့လာပြီးနောက်မှာ ရစ်ချက်ဟုချ်က အာနယ် ဆလော့ကို ရွေးချယ်ခဲ့ပြီး အဆင့်ဆင့် အင်တာဗျူးတွေ တွေ့ဆုံခဲ့ပါတယ်။ ဒတ်ချ် အရှေ့မြောက်ပိုင်း မြို့တော် Zwolle မှာ ရစ်ချက်ဟုချ်နဲ့ အာနယ် ဆလော့တို့ ပထမဆုံး တွေ့ဆုံမှုအတွင်း အာနယ် ပထမဆုံး မေးခွန်းတဲ့ မေးခွန်းက “ဘာကြောင့် ကလော့ပ် နေရာ အစားထိုးဖို့ မင်းတို့ ရွေးချယ်တဲ့သူက ငါဖြစ်ရသလဲ?” ဆိုတာပါပဲ။

အဲ့အချိန်မှာ ရစ်ချက်ဟုချ် တုန့်ပြန်ခဲ့တာက အာနယ် ဆလော့နဲ့ ပတ်သက်ပြီး လီဗာပူးအသင်း လေ့လာထားတဲ့ ဒေတာနဲ့ ကိုးကားချက်တွေ ပါဝင်တဲ့ အပုံလိုက်သော စစ်တမ်းတွေကို ပြသခဲ့ခြင်းပဲဖြစ်ပါတယ်။

လီဗာပူးမတိုင်ခင် ၁ နှစ်တုန်းက အင်္ဂလန် ကြီး ၆ ကြီးထဲက တစ်သင်းဖြစ်တဲ့ စပါးအသင်းဟာ အာနယ် ဆလော့ကို ခေါ်ယူရေး ကြိုးစားပေမယ့် နယ်သာလန်သားက ငြင်းဆန်ခဲ့ပါတယ်။ ရစ်ချက်ဟုချ်ဟာ လီဗာပူးရဲ့ ကမ်းလှမ်းမှုကို အာနယ် ဆလော့ မငြင်းနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုတွေကိုလည်း ကောင်းကောင်းလုပ်ဆောင်ခဲ့ပါတယ်။

အာနယ် ဆလော့နဲ့ ရစ်ချက်ဟုချ်တို့ဟာ ပထမဆုံး တွေ့ဆုံမှုပြီးကတည်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့ကြတယ်။ မဖြစ်မနေ အသိအမှတ် ပြုရမှာက အသင်းဘက်က အာနယ် ဆလော့ကို ရွေးချယ်ချိန်မှာ ဒီအကူးအပြောင်း ကာလအတွင်း နယ်သာလန်သားအပေါ် ပရိသတ်တွေ ထောက်ခံအောင် ကူညီပေးခဲ့တဲ့ ယာဂင်ကလော့ပ်ဖြစ်ပါတယ်။

အသင်းကို ရောက်လာချိန်မှာပဲ အာနယ် ဆလော့က လီဗာပူးလူစာရင်းကနေ သူအကောင်းဆုံးညစ်ထုတ်နိုင်မယ့် နည်းစနစ်နဲ့ လိုင်းအပ်ကို ရှာဖွေနေချိန် အပြောင်းအရွှေ့ကဏ္ဍအတွက်လည်း ရစ်ချက်ဟုချ်နဲ့ တိုင်ပင်ခဲ့တယ်။ သူတို့ရဲ့ ပလန်က holding midfielder လို့ ခေါ်ကြတဲ့ ကွင်းလယ်အတွင်းလူနေရာ လူသစ်ခေါ်ဖို့နဲ့ တိုက်စစ်ပိုင်းကို ပိုမိုရွေးချယ်စရာတွေ ဖန်တီးဖို့ပါ။

အာနယ်ဆလော့ တောင်းဆိုတဲ့ ကွင်းလယ် နံပါတ် ၆ သမားဟာ ပြိုင်ဘက်ရဲ့ ကစားကွက်ကို ဖျက်ဆီးတဲ့ ‘destroyer’ သမားဆိုတာထက်၊ ဖိအားတွေအောက်မှာ မှန်ကန်တဲ့ ဘောလုံးပေးချက်တွေကို နေရာကျဉ်းကျဉ်းတွေအတွင်း ဖြန့်ဝေပေးနိုင်မယ့် နည်းစနစ်ပိုင်း လက်ဆောင်ရှိထားတဲ့ ကစားသမားမျိုးပါ။

ရစ်ချက်ဟုချ်နဲ့ ဒေတာအဖွဲ့က ဇူဘီမန်ဒီကို သင့်လျော်သူအဖြစ် ပြသခဲ့ကာ နည်းပြကလည်း နှစ်သက်ခြင်းကြောင့် ကစားသမားနဲ့ ချိတ်ဆက်ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူနိုင်ခဲ့ပါတယ်။ ရစ်ချက်ဟုချ်တို့ဟာ ကစားသမားကို လေးလေးစားစား ချိတ်ဆက်သလို သူတို့ရဲ့ တင်ပြချက်ဟာဆိုရင် ဘဝမှာ တစ်ကြိမ်ပဲ ရနိုင်တဲ့ အကောင်းဆုံးအခွင့်အရေး ဆိုတာမျိုးထိ ပါဝင်ပါတယ်။

နောက်ပိုင်းမှာ မိခင်ကလပ်ရဲ့ ဆန္ဒအရ ဇူဘီမန်ဒီဘက်က ပုဂ္ဂိုလ်ရေး သဘောတူညီမှုကို ဖျက်ခဲ့ချိန်မှာ စပိန်သားဟာ သူ့ရဲ့ အပြုအမှုအတွက် ရစ်ချက်ဟုချ်ကို လေးလေးစားစားဖြင့် တောင်းပန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ရစ်ချက်ဟုချ်ဟာ လီဗာပူးပရိသတ်တွေကြားမှာတော့ အဖွင့်မျက်နှာပန်း မလှခဲ့ပါဘူး။

လီဗာပူးအသင်းဟာ နံပါတ် ၆ နေရာအတွက် ကမ်းလှမ်းခံရတာတွေရှိပါတယ်။ အဲ့ထဲမှာ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ့် အူဂါတီလည်း အပါအဝင်ပါ။ ဇူဘီမန်ဒီကို မရတဲ့နောက်မှာ ဟုချ်နဲ့ အာနယ်တို့က နံပါတ် ၆ နေရာအတွက် အလျင်စလို မလုပ်ဖို့ သဘောညီခဲ့ကြပါတယ်။ အာနယ် ကိုယ်တိုင်ကတော့ ရာသီကြိုမှာ ဂရာဗင်ဘက်ချ်ကို အဲ့နေရာအတွက် သဘောကျခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးဘက်က ခီယေဆာကို ခေါ်ယူခဲ့တာကတော့ ၂၀၂၅ နွေမှာ ဆာလာထွက်ခွာရင် ထိတ်ထိတ်ပြာပြာနဲ့ လူလိုက်ရှာနေရမှာကို ကြိုတင် ကာကွယ်ခြင်းလို့ နားလည်ရပါတယ်။ ဒါကိုတော့ အသေအချာ အတည်ပြုလို့ မရခဲ့ပါဘူး။ အသင်းကိုတော့ ခီယေဆာ ရောက်လာခဲ့ပါတယ်။

အသင်းကို ရောက်ပြီး ခပ်မြန်မြန်ပဲ လေ့ကျင့်ရေးကွင်း ဦးဆောင်သူ အာနယ် ဆလော့က လီဗာပူးလူစာရင်းထံကနေ အပြောင်းအလဲ ဖော်ဆောင်တာ၊ ကြံ့ခိုင်မှု ထိန်းသိမ်းနိုင်ရေး မဟာဗျူဟာတွေ ရေးဆွဲတာ၊ ပွဲနေ့တွေအတွက် နေထိုင်မှု ပုံစံကို ပြုပြင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အာနယ် ဆလော့နဲ့ ယာဂင်ကလော့ပ်ကြား အဓိက ကွာခြားသွားမှုကတော့ ကလော့ပ်ဟာ collective လို့ခေါ်တဲ့ စုပေါင်းအားကို ယုံကြည်ပါတယ်၊ လေ့ကျင့်ရေးတွေဆိုရင်လည်း စုဖွဲ့မှုနဲ့ လုပ်ဆောင်ပါတယ်။ အာနယ် ဆလော့ကတော့ နည်းစနစ်ပိုင်းကို ပိုမိုအားသန်းပြီး ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေကို လျော့ချကာ လိုအပ်ရင် တစ်ဦးချင်းအလိုက် သီးသန့် လမ်းညွှန်းပါတယ်။

ခြုံငုံပြောရရင်တော့ ကလော့ပ် လက်ထက်မှာ ပြင်းပြတဲ့ စိတ်ဓါတ်ပိုင်း၊ အမြင့်ဆုံးသော လုပ်ဆောင်နိုင်စွမ်းနဲ့ တရစပ် ထိုးနှက်မှုကို တောင်းဆိုပါတယ်။ အာနယ် ဆလော့ လက်ထက်မှာတော့ ပြင်းပြင်းထန်ထန် အားထုတ်မှုကို လျော့ချလိုက်ကာ ဘောလုံးပိုင်ဆိုင်မှုကို ပိုထိန်းချုပ်ပြီး ပေးချက်၊ ရွေ့လျားချက်တွေဖြင့် ပြိုင်ဘက်ကို ထိုးနှက်တယ်လို့ ဆိုလို့ရပါတယ်။ ပြောင်းလဲနေတဲ့ ဘောလုံးကမ္ဘာကြီးမှာ အာနယ် ဆလော့ဟာ လက်ရှိ ပုံစံကိုပဲ အမြဲတမ်း ကိုင်စွဲထားမှာတော့ မဟုတ်ပါဘူး။

တချိန်တည်းမှာပဲ မိုက်ကယ်အတ်ဝပ်က လီဗာပူးဘောလုံးအသင်း တစ်ခုလုံးကို အုပ်ချုပ်မှု ပုံစံ ပြန်တည်ဆောက်ခဲ့တယ်။ ရစ်ချက်ဟုချ်က အာနယ် ဆလော့ရဲ့ နည်းပြအဖွဲ့အတွက် ဟိုက်တင်ဂါ၊ အာရွန်ဘရစ်၊ ဖေဘီယန်အော့ဖ်တို့ကို အင်အားဖြည့်ပေးခြင်း အပြင် သူကိုင်တွယ်မယ့် ကင်းထောက် ဌာနလို အရေးကြီးဌာနတွေကို ပြန်လည် ဖွဲ့စည်းပါတယ်။ ဒီရာသီမှာ နာမည်ကြီးလှတဲ အက်ဆာက coffee bar ဟာ ရိုးမားအသင်းစတိုင်ကို အတုယူပြီး ရစ်ချက်ဟုချ် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနည်းပြအဖွဲ့ဝင် ဟိုက်တင်ဂါရဲ့ အေးဂျင့်ကတော့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ အသင်းပြင်ပက လူတွေရဲ့ အသံကြောင့်နဲ့ တုန်လှုပ်လွယ်မယ့် ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ သူကတော့ ရစ်ချက်ဟုချ်မှာ စာနာမှုတွေ၊ ခံစားချက်တွေ လုံးဝ မမြင်ရဘူး။ သူကို ဆက်ဆံရတာက စက်ရုပ်လိုပဲ လို့ ပြောခဲ့ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်အောင်မြင်ခြင်းမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်က အာနယ် ဆလော့ဖြစ်ပြီး သူကိုယ်တိုင်ကတော့ ရစ်ချက်ဟုချ်ကို အမှတ်ပြည့် ပေးထားပါတယ်။

ဇန်နဝါရီမှာ ထရန့်အတွက် ပေါင် သန်း ၂၀ တန်း ကမ်းလှမ်းခံရမှုနဲ့ ဆော်ဒီပရိုလိဂ်ရဲ့ ဒါဝင် နူးညက်စ်အတွက် ကမ်းလှမ်းမှုတွေမှာ အာနယ် ဆလော့နဲ့ ရစ်ချက်ဟုချ်တို့ တိုင်ပင်ပြီး အသင်းရဲ့ ဖလားစိန်ခေါ်မှု လမ်းကြောင်း ​ဖြောင့်ဖြူးရေးမှာ တည်ငြိမ်တဲ့ လူစာရင်းရှိရမယ်ဆိုပြီး ရောင်းချရေး ပယ်ချခဲ့ကြပါသေးတယ်။

ဒီရာသီမှာ ဆလော့ ဦးဆောင်တဲ့ အသင်းသားတွေ ဆုဖလား အောင်မြင်ရေး ရစ်ချက်ဟုချ်ကလည်း အရေးကြီးနေရာက ပါဝင် ပံ့ပိုးပေးခဲ့ပါပြီ။ ဒါပေမယ့် စိန်ခေါ်မှုကြီးတွေက နွေမှာ ရောက်လာတော့မှာ ဖြစ်ပါတယ်။

၂၁ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား အောင်မြင်ရေးပလန်တွေ ဆွဲနေတဲ့ အသင်းတာဝန်ရှိသူတွေဟာ ကလပ်သမိုင်းတစ်လျှောက် အမြင့်ဆုံး အသုံးစရိတ်တစ်ခုကို ထုတ်ပေးမယ် မီးစိမ်းပြထားကြောင်း သတင်းကြီးနေတယ်။

အာနယ် ဆလော့ဟာ နောက်ထပ်သော ဆုဖလားကြီးတွေ ဆက်လက် အောင်မြင်ရေး သူ့စိတ်ကြိုက် အသင်းကို စတင် တည်ဆောက်တော့မှာပါ။ နည်းပြသဘောကျ ကစားသမားတွေကို ခေါ်ယူပေးနိုင်ရေး တာဝန်ဟာ ရစ်ချက်ဟုချ်ထံ ပုံကျလာတော့မှာ ဖြစ်ပါတယ်။