စံချိန်တင် လုပ်ခဖြင့် ကမ်းလှမ်းပေမယ့် ငြင်းဆန်ခဲ့ကာ ရီးရဲလ်ကို ပြောင်းတော့မယ့် ထရန့်

ညာအစွန်လူ ထရန့်ဟာ ဒီရာသီကုန်မှာတော့ လီဗာပူးအသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ထရန့်ဟာ မကြာခင် သီတင်းပတ်တွေမှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ လက်မှတ်ထိုးတော့မှာဖြစ်ကာ ၎င်းနဲ့ လာလီဂါကလပ်ကြား သဘောတူညီမှုလည်း ရသွားပြီဖြစ်ပါတယ်။

စျေးကွက်တန်ကြေး ယူရို သန်း ၁၀၀ အနည်းဆုံးရှိတဲ့ ထရန့်အတွက် ဇန်နဝါရီမှာ ပေါင် သန်း ၂၀ ဖြင့် အပြီးသတ် ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ဘက်က ကမ်းလှမ်းပေမယ့် လီဗာပူးအသင်း ပယ်ချခဲ့တယ်။

အဲ့အစား ထရန့်ဟာ လက်ကျန်ရာသီဝက်ကို အသင်းမှာ ဆက်ကစားခဲ့ကာ နွေမှာတော့ ရီးရဲလ်ထံ အလွတ်ဖြင့် ပြောင်းမှာဖြစ်ပါတယ်။ ရီးရဲလ်ဘက်က ကစားသမားကို ၆ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုသွားမှာပါ။

ရစ်ချက်ဟုချ်ဟာ လီဗာပူးကို ရောက်လာပြီးနောက် ပထမဆုံး တာဝန်တွေထဲက တစ်ခုအဖြစ် ထရန့်ကို စာချုပ်သစ်အတွက် ကမ်းလှမ်းခဲ့ပါတယ်။ အင်္ဂလန်ညာအစွန်လူကို အသင်းမှာ ဆက်ထိန်းရေးဟာ အာနယ် ဆလော့နဲ့ ရစ်ချက်ဟုချ်ရဲ့ ဦးစားပေး ပလန်တွေထဲက တစ်ခုဖြစ်ပါတယ်။

လီဗာပူးဘက်က ထရန့်ကို ညာအစွန်လူတစ်ဦးအတွက် ကမ္ဘာ့ပေါ်မှာ လုပ်ခအများဆုံး စာချုပ်ထိ ကမ်းလှမ်းပေမယ့် အင်္ဂလန်သားအတွက် ငွေကြေးက အဓိက မဟုတ်ဘဲ စိန်ခေါ်မှု အသစ်တွေအတွက် အသင်းကနေ ထွက်ခွာဖို့ ရွေးချယ်ခဲ့ခြင်းလို့ သိရတယ်။

ထရန့်ဟာ အသင်းရဲ့ မြို့ပတ်ပြီး အောင်ပွဲခံမယ့် ချန်ပီယံအောင်ပွဲခံ အခမ်းအနားကို တက်ရောက်သွားဖို့ ရှိပြီး အသင်းဘက်က သူ့ကို ဂန္တဝင်တစ်ဦးအဖြစ် လေးစားစွာ နှုတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။