

ဒီနွေမှာ ဗဟိုခံစစ်မှူးသစ် တစ်ဦးကို ခေါ်ယူအားဖြည့်မယ့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ထိပ်တန်း ခံစစ်မှူးတွေကို လိုက်လံ စုံစမ်းနေပါတယ်။
လီဗာပူးဘက်က ခံစစ်ပိုင်းအတွက် အတော်လေး သဘောကျလာကာ လိုက်လံ စုံစမ်းနေရသူ တစ်ဦးကတော့ နော်တင်ဟမ် ဖောရက်စ်အသင်းမှ ဘရာဇီးခံစစ်မှူး မိုရီရိုပဲဖြစ်ကြောင်း လီဗာပူးသတင်းထောက် DaveOCKOP က အထူးသတင်းအဖြစ် ဖော်ပြလာပါတယ်။
အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးဟာ ၂၀၂၃ မှာ ဘရာဇီးကလပ် Corinthians အသင်းကနေ ဖောရက်စ်ကို ပေါင် ၁၀.၆ သန်းဖြင့် ရောက်လာခဲ့သူပါ။ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၀ ဝန်းကျင်ကစားထားပြီး လိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ် ချီးကျူးမှုတွေ ရနေပါတယ်။
ဒါကြောင့်ပဲ ဗန်ဒိုက်ခေတ်လွန် ခံစစ်အတွက်ပါ ကြိုတင်ပြင်ဆင်လိုနေတဲ့ လီဗာပူးအတွက် မိုရီရိုဟာ အတော်လေးကို ကောင်းမွန်တဲ့ ပစ်မှတ်ဖြစ်လာနေတယ်။ ဇန်နဝါရီမှ ကာလရှည် လက်မှတ်ရေးထိုးထားပေမယ့် FFP စည်းမျဉ်းအရ ဖောရက်စ်တို့ ငွေဖော်ရမယ့် အခြေအနေလည်း ရှိနေတယ်။
မနှစ်တုန်းက ဂေါ်ဒန်ကို ချိတ်ဆက်ခဲ့တဲ့ အခြေအနေမျိုးအတိုင်း လီဗာပူးဘက်က ဇွန် ၃၀ မတိုင်ခင် ဖောရက်စ်တို့ရဲ့ ဘဏ္ဍာရေးဟန်ချက်ညီမှု အခြေအနေကို လေ့လာကာ အပြောင်းအရွှေ့ ဝင်ချိတ်ဆက်ဖို့ လေ့လာနေခြင်းဖြစ်ပါတယ်။
လီဗာပူးခံစစ်မှာ ဗန်ဒိုက်က အသက်အရွယ်ရလာပြီဖြစ်ပြီး ကိုနတေးက ဒဏ်ရာ ပြဿနာတွေ မကြာခဏ ရင်ဆိုင်ထားရတာပါ။ ဒီနွေမှာ ဂိုးမက်စ်ကို ရောင်းထုတ်ဖွယ်ရှိကာ ကွမ်းဆက်ရဲ့ အနာဂတ်လည်း မသေချာသေးပါဘူး။
လီဗာပူးဘက်က ဒေါင်ဒေါင်မြည် ခံစစ်မှူးတစ်ဦးကို ခေါ်ယူလိုနေကာ ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်နေသူမျိုးကို ပိုမို သဘောကျနေတာ ဖြစ်ပါတယ်။
မိုရီရိုရဲ့ တန်ကြေးဟာ ယူရို သန်း ၇၀ တဝိုက်မှာ ရှိနေနိုင်သလို ဖောရက်စ်ရဲ့ ဥရောပဝင်ခွင့် အနေအထား၊ ဘဏ္ဍာရေးအနေအထားအရ အဲ့ထက် လျော့နည်းနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။