

လီဗာပူးအသင်းဟာ ထူးထူးခြားခြားအဖြစ် အခြားသော ထိပ်တန်းကလပ်တွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဂျာမာန်ကြယ်ပွင့် ဝက်ဇ်အတွက် ဝင်ရောက် ကြိုးစားမယ့် အရိပ်အခြေတွေ ထွက်ပေါ်နေပါတယ်။
လေဗာကူဆင်အသင်းဟာ ၎င်းတို့ရဲ့ စတားပလေယာ ဝက်ဇ်ကို ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချမယ့်အစား ဘွန်ဒက်လီဂါ ပြင်ပကလပ်တွေထံ ပြောင်းခွင့်ပေးဖို့ ဆန္ဒရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်တွေအတွင်း ကစားသမားနဲ့ ဘိုင်ယန်ကြား စာချုပ်ကိစ္စ သဘောတူညီမှု ရနေပြီဆိုတဲ့ သတင်းတွေ ထွက်ရှိနေတဲ့အပေါ် လေဗာကူဆင်ဘက်က သဘောမကျသလို မမှန်ကန်တဲ့ အဆိုပါဖော်ပြချက်တွေဟာ သူ့ရဲ့ နာမည်ကို ထိခိုက်စေတယ်လို့ ဝက်ဇ်က ယုံကြည်နေပါတယ်။
ဝက်ဇ်ရဲ့ အနာဂတ်ရေးရာ ကိစ္စတွေကို မိသားစု ဆုံးဖြတ်မှာဖြစ်ပြီး အချိန်ယူ စဉ်းစားမှာဖြစ်ပါတယ်။ အခုချိန်ထိတော့ ၎င်းတို့ဘက်က ကစားသမားကို ဂျာမာန်မှာပဲ ဆက်ရှိနေစေချင်တယ်လို့ နားလည်ထားရတယ်။ ဒါကြောင့် လာမယ့် သီတင်းပတ်တွေအထိ ဝက်ဇ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေက အမျိုးမျိုးထွက်လာပါလိမ့်မယ်။
လီဗာပူး တာဝန်ရှိသူတွေကတော့ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်အသင်းတွေလိုပဲ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစကားပြောမှု ပြုလုပ်ထားတယ်လို့ ယုံကြည်ရပါတယ်။
လက်ရှိအချိန်ထိ လီဗာပူးက ရေပန်းစားအဆင့်ကို မရောက်သေးပေမယ့် လေဗာကူဆင်ဘက်က ဘိုင်ယန်မြူးနစ်ထံ သူတို့ကစားသမားကို ရောင်းချလိုခြင်း မရှိတဲ့အချက်နဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ဘက်က အရေးယူမှု ကိစ္စတွေဟာ ဒီအပြောင်းအရွှေ့အပေါ် သက်ရောက်နိုင်ပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေမှာ ခေါ်ယူလိုတဲ့ ကစားသမားတွေဖြစ်တဲ့ ဖရန်းပေါင်၊ မီလိုစ့်ကာဇ်တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောခဲ့ပြီးဖြစ်သလို ဝက်ဇ်အတွက်လည်း စုံးစမ်းမှု စတင်ထားတဲ့ အခြေအနေပါ။
လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ နွေစျေးကွက်မှာ ဖန်တီးမှုကောင်းတဲ့ ကစားသမားတစ်ဦး လိုချင်နေသလို တိုက်စစ်အတွက်ကော၊ ခံစစ်အတွက်ပါ အားဖြည့်လိုနေကာ အကဲဖြတ်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။