ဘရိုက်တန် တိုက်စစ်မှူး၊ ဩဂုတ်လ ၁ ရက်နေ့မှ ဝတ်ခွင့်ရမယ့် ဂျာစီသစ်၊ လိုင်ယွန်ကွင်းလယ်လူကို ချိတ်ဆက်မှု မရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဘက်က အလေးအနက် ပါဝင်လာတဲ့ အခြေအနေကြောင့် ဝက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးစာ ကနဦး မျှော်လင့်ထားသလို ယူရို သန်း ၁၀၀ နဲ့ ဘယ်လိုမှ မရနိုင်တော့ဘဲ ယူရို သန်း ၁၅၀ ထံ ရောက်ရှိနေပြီဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် တာဝန်ရှိသူတွေက တွက်ဆမိနေပါတယ်။

မိုဆာလာက ယူရိုပါလိဂ် ချန်ပီယံဖြစ်သွားတဲ့ စပါးနည်းပြ အန်ဂျီကို ဂုဏ်ပြုစကား ပြောဆိုပါတယ်။

လီဗာပူးအသင်းဟာ လိုင်ယွန်ကနေ ထွက်ခွာလာမယ့် ကွင်းလယ်လူ ချာကီအတွက် လှုပ်ရှားနေခြင်း မရှိဘဲ ဝက်ဇ် တစ်ဦးတည်းကိုပဲ အာရုံစိုက်နေပါတယ်။

ဒါဝင် နူးညက်စ်ဟာ ဆော်ဒီထက် အေတီကိုထံ ပြောင်းရွှေ့ဖို့ကို ပိုမို စိတ်အားထက်သန်နေပါတယ်။

အာနယ် ဆလော့ဟာ လာမယ့်ရာသီမှာ သူ့စိတ်ကြိုက် နည်းဗျူဟာတွေကို စခင်းတော့မှာဖြစ်ကာ နံပါတ် ၁၀ နေရာအတွက် ဝက်ဇ်ကို သဘောကျနေတာဖြစ်ပါတယ်။

ဟာဗေးကို လီဗာပူးဘက်က ဆက်ထိန်းလိုပေမယ့် အနာဂတ်မှာ ပွဲကစားခွင့်အတွက် ဆက်လက် ရုန်းကန်ရနိုင်တာကြောင့် အင်္ဂလန်သားဟာ သူ့အနေအထားကို ပြန်သုံးသပ်သွားဖွယ် ရှိနေပါတယ်။

ဘရိုက်တန် တိုက်စစ်သမား ပက်ဒရိုကို စိတ်ဝင်စားတဲ့ ကလပ်တွေထဲမှာ လီဗာပူးလည်း ပါဝင်နေပြီး ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၆၀ ဝန်းကျင်ကနေ စတင်ရနိုင်ပါတယ်။

ဒီအပတ် အန်ဖီးကွင်းမှာ လီဗာပူးကို ပေးအပ်မယ့် ပရီးမီးယားလိဂ်ဖလားကို ချန်ပီယံတွေရဲ့ နာမည် ရေးထိုးထားခဲ့ပါပြီ။

လီဗာပူးအသင်းရဲ့ လာမယ့်ရာသီ ဝတ်ဆင်မယ့် adidas အိမ်ကွင်းဂျာစီကို ကြေညာဖို့ရာ ဗီဒီယိုတွေတောင် ရိုက်ကူးထားပြီဖြစ်ပေမယ့် ဩဂုတ်လ ၁ ရက်နေ့ မတိုင်ခင်ထိ တရားဝင် ဝတ်ဆင်နိုင်မှာ မဟုတ်ပါဘူး။

Nike နဲ့ စာချုပ်အရ လီဗာပူးအသင်းဟာ ရာသီကြိုမှာ Nike ဂျာစီပဲ ဆက်လက် ဝတ်ဆင်ရမှာဖြစ်သလို ကစားသမားသစ်တွေကိုလည်း adidas ဂျာစီဖြင့် မိတ်ဆက်လို့ ရဖွယ် မရှိပါဘူး။