

လီဗာပူးအသင်းဟာ နောက်ရာသီနဲ့ ရေရှည်အတွက် ရည်ရွယ်ထားတဲ့ ပလန်တွေကို စတင် အကောင်အထည်ဖော်နေကာ ညာခြမ်းအတွက် ဖရန်းပေါင်ကို ဆေးစစ်မှု ပြီးစီးထားခဲ့ပါပြီ။
လီဗာပူးအသင်းဟာ ရေရှည်အတွက် ဘယ်ခြမ်း ကစားသမား၊ ကွင်းလယ် ဖန်တီးရှင်နဲ့ တိုက်စစ်မှူးတွေကို အင်အားဖြည့်ဖို့လည်း ရည်ရွယ်ထားတာပါ။ အဲ့နေရာတွေထဲမှာတော့ အခုချိန်ထိ တိုက်စစ်ပိုင်းအတွက် သိသာထင်ရှားတဲ့ လှုပ်ရှားမှု ရှိမလာသေးပါဘူး။
ဒီကာလတွေအတွင်း လီဗာပူးအသင်းဟာ နံပါတ် ၉ နေရာအတွက် အီဆက်၊ ဆက်ကို၊ အီကီတီကီ၊ ပက်ဒရိုတို့အပြင် အေတီကိုမှ အဲဗာရက်စ်ကိုလည်း စိတ်ဝင်စားထားကာ စောင့်ကြည့်မှုတွေ ဆက်တိုက် လုပ်ဆောင်ထားတာပါ။
အဲဗာရက်စ်အတွက် အက်သလက်တီကို မက်ဒရစ် ပေးခဲ့ရတဲ့ ပေါင် ၈၁ သန်းထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးမျိုး လီဗာပူးဘက်က ကမ်းလှမ်းမယ်ဆိုရင် အာဂျင်တီးနား တိုက်စစ်သမားကို ရောင်းချဖွယ်ရှိကြောင်း မက်ဒရစ်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။
ဘရိုက်တန် တိုက်စစ်မှူး ပက်ဒရိုအတွက် ပေါင် သန်း ၆၀ ထက် ပိုများတဲ့ ပမာဏမျိုး လီဗာပူးအသင်း ကမ်းလှမ်းရမှာဖြစ်ပါတယ်။ လိုက်ဇစ်မှ ဆက်ကိုအတွက်ဆိုရင် အဆိုပါ ပြောင်းရွှေ့ကြေးထက် ပိုများမယ်လို့လည်း နားလည်ထားရတယ်။
လာမယ့်ရာသီအတွက် နယူးကာဆယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် အောင်မြင်ခဲ့မယ်ဆိုရင် အီဆက်ကို ခေါ်ယူရေးဟာလည်း ခက်ခဲသွားနိုင်ကာ တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၁၀၀ အထက်မှာ ရှိနေပါလိမ့်မယ်။
တိုက်စစ်မှူးနေရာအတွက် လီဗာပူးအသင်း ပစ်မှတ်တိုင်းဟာ ခက်ခဲတဲ့ ညိနှိုင်းမှုတွေ လုပ်ဆောင်ရနိုင်တာကြောင့် အသင်းဘက်က ကစားသမားတွေရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်ကာ စာချုပ်ကိစ္စ အခြေအနေနဲ့ သူတို့တွေ အန်ဖီးထံပြောင်းလာပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုစိတ် ရှိရဲ့လားဆိုတာကို စုံးစမ်းနေဆဲပါ။
ဒါပေမယ့် ရွေးချယ်စရာ ၆ ဦးထိရှိနေတဲ့ တိုက်စစ်သမားနေရာမှာ အထွက်မရှိပါဘဲ လူသစ် ခေါ်ယူဖို့က ခက်ခဲပါတယ်။ လီဗာပူးဘက်က ဒါဝင်၊ ဂျိုတာ၊ ဒီယက်ဇ်၊ ခီယေဆာတို့ထဲက ၁ ဦး ဒါမှမဟုတ် ၂ ဦးလောက်ကို မရောင်းချနိုင်ပါဘဲ တိုက်စစ်မှူးနေရာ အားဖြည့်ရေးအတွက် ဦးလှည့်ဖွယ်မရှိသေးပါဘူး။
အာနယ် ဆလော့ရဲ့ လူစာရင်းထဲမှာတော့ ဒါဝင်ဟာ ထွက်ခွာနိုင်ချေ အများဆုံးဖြစ်ကာ ဂျိုတာ၊ ဒီယက်ဇ်၊ ခီယေဆာတို့ဟာလည်း အပြောင်းအရွှေ့မှာ လမ်းဖွင့်ထားခြင်း ခံထားရတယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။