

မန်စီးတီးဟာ ၃ ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခဲ့တဲ့နောက် သူတို့ကို ယှဉ်ပြိုင်နိုင်ဖို့ ကလပ်တွေ အတော်လေး ကြိုးစားကြရဦးမှာပါ။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးကတော့ မန်စီးတီးကို ယှဉ်နိုင်မယ့် ကလပ်တစ်သင်းကို ပြောပါဆိုရင် လီဗာပူးလို့ပဲ ပြောရပါမယ်လို့ ဝန်ခံခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ကုန်ခဲ့တဲ့ ၆ ရာသီအတွင်း မန်စီးတီးရဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် တစ်ကြိမ် အနိုင်ရခဲ့ပါတယ်။
ရာသီသိမ်းခါနီး လီဗာပူးအသင်း ပြသနေတဲ့ စွမ်းဆောင်ရည်တွေအရ လာမယ့်ရာသီမှာ ကလော့ပ် ဦးဆောင်တဲ့ အသင်းသားတွေက ပြန်ပြီး တိုးတက်လာနိုင်သေးတာပါ။ ဒီနွေမှာ လီဗာပူးဟာ အားနည်းနေတဲ့ နေရာတွေကို သေချာပေါက် အင်အားဖြည့်လာဦးမှာ ဖြစ်ပါတယ်။
‘ မန်စီးတီး ကစားသမားတွေက အတော်လေး အရည်အချင်းရှိတယ်။ ဒါက ပြောနေစရာကို မလိုဘူး။ ပရီးမီးယားလိဂ်မှာ ခက်ခဲတဲ့ ကာလတွေအတွင်း သူတို့က အတူတကွ ရင်ဆိုင်ကျော်ဖြတ်နိုင်တယ်၊ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်တယ်။ သူတို့ရဲ့ မန်နေဂျာကလည်း ကစားသမားတွေကို တည်ငြိမ်နေအောင် ဦးဆောင်နိုင်တယ်။
အခြားသော ကလပ်တွေက မန်စီးတီး လုပ်နေတာကို လိုက်ကြည့်နေကြပါလိမ့်မယ်။ ကလပ်တွေက မန်နေဂျာကောင်း တစ်ယောက် ရှိဖို့၊ ခြေစွမ်း တည်တည်ငြိမ်ငြိမ် လုပ်နိုင်မယ့် လူစာရင်းရှိဖို့ လိုတယ်။
ဒီအခြေအနေမှာ ကုန်ခဲ့တဲ့ ၆ နှစ်အတွင်း မန်စီးတီးကို ယှဉ်ပြိုင်နိုင်ကြောင်း သက်သေပြခဲ့တဲ့ တစ်သင်းတည်းသော ကလပ်က လီဗာပူးပါပဲ။ ဒီရာသီမှာ အာဆင်နယ်က မန်စီးတီးကို အနီးကပ် ဖိအားပေးခဲ့ပေမယ့် ဂွာဒီယိုလာရဲ့ စီးတီးကို အနီးကပ် ယှဉ်ပြိုင်နိုင်တာ ကလော့ပ်ရဲ့ လီဗာပူးပဲ ရှိပါတယ်။
ဒီရာသီမှာ လီဗာပူးတို့ သူတို့ အဆင့်အတန်းအောက် ကျဆင်းခဲ့ပေမယ့် နောက်ရာသီ သူတို့ရဲ့ အနေအထားတွေထံ ပြန်ရောက်လာနိုင်ပါတယ်။ သူတို့ အဲ့လို လုပ်နိုင်တာကို ပြီးခဲ့တဲ့ ရာသီတွေမှာ သက်သေပြခဲ့ပြီးပါပြီ ’ လို့ နဗီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။